၁၃.၁၁.၂၀၂၅
Written by NYL
နိုင်ငံ့အတွက် အတွေ့အကြုံရှိသူနှင့် ၎င်းကိုပံ့ပိုးမည့် ခိုင်မာသည့်အဖွဲ့အစည်းတို့နှင့် ပြည့်စုံသည်မှာ ပြည်ခိုင်ဖြိုးပါတီသာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရီ မဲဆွယ်စည်းရုံးခဲ့ကြောင်း ၎င်း၏ U Khin Yi တယ်လီဂရမ်တွင် ဖော်ပြထားမှုအရ သိရသည်။
ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် နိုဝင်ဘာ ၁၂ ရက်က အဆိုပါမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်တွင် ပြည်သူများနှင့် တွေ့ဆုံမဲဆွယ်စည်းရုံးရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော့်ကို ရွေးတယ်ဆိုပါစို့။ ခင်ဗျားတို့က ကျွန်တော့်ကို ခိုင်းပါ။ ဟုတ်တယ် အဲဒီလိုတွက်ရမှာ။ ခင်ဗျားတို့က ခိုင်းရမှာ။ ခင်ဗျားတို့အတွက် အလုပ်ကို သူကလုပ်ပေးရမှာ။ အဲဒီတော့ ဒီလိုဖြစ်ဖို့အတွက် ဘယ်လိုလူမျိုးကို ရွေးမလဲ။ မစဉ်းစားသင့်ဘူးလား။ အတွေ့အကြုံရှိတဲ့သူတွေ လိုတာပေါ့။ တစ်ဖက်ကလည်း ဒီလိုလူတွေကို အနောက်ကပံ့ပိုးမဲ့ အဖွဲ့အစည်းက အရေးကြီးတယ်။ အဲဒါတွေနဲ့ ပြည့်စုံတာ ဘယ်သူတွေလဲ သိလား။ ဘယ်အဖွဲ့အစည်းလဲ သိလား။ ခုနက ကျွန်တော်ပြောတဲ့ အတွေ့အကြုံရှိတဲ့ သူတွေရှိတယ်။ သူ့အနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းတွေရှိတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီက ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ခြင်းသည် စာတွေသက်သက်ဖြင့် လုပ်၍မရဘဲ လက်တွေ့အတွေ့အကြုံများစွာ လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ‘‘အတွေ့အကြုံဟာ တိုင်းပြည်အုပ်ချုပ်ရေးမှာ ဘာကြောင့်အရေးကြီးသလဲဆိုတာ ကျွန်တော်ရဲ့ အမြင်” ခေါင်းစဉ်ဖြင့် ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
‘‘အတွေ့အကြုံဆိုတာ အတိတ်၊ ပစ္စုပ္ပန် နှစ်ရပ်ပေါ်မှာ အခြေခံပြီးတော့ အနာဂတ်မှာ ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတဲ့ အချက်ကို ဖန်တီးရယူတဲ့ သဘောပဲဖြစ်တယ်။ အဲဒီတော့ အတိတ်ကာလမှာ ကောင်းမွန်တဲ့အတွေ့အကြုံ ကျွန်တော်တို့ပါတီမှာ ရှိခဲ့ဖူးတယ်ဗျ။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ခြင်းဟာ စာတွေ့သက်သက်နဲ့ လုပ်လို့မရဘူးနော်။ လက်တွေ့အတွေ့အကြုံများစွာလိုတယ်လို့ ယူဆပါတယ်။ ဥပမာဗျာ ကျွဲဆိုတဲ့ သတ္တဝါတစ်ကောင်ကို ခင်ဗျားပုံဆွဲမယ်ဆိုရင် အဲဒီကျွဲသတ္တဝါကို လုံး၀မမြင်ဖူးဘဲနဲ့ ဘယ်လိုမှလှအောင် ဆွဲလို့မရဘူး။ မြင်ဖူးမှ ဉာဏ်ကွန့်မြူးပြီးတော့ ပိုမိုလှအောင်ဆွဲလို့ရတဲ့ သဘောပဲဖြစ်ပါတယ်။ ဒီသဘောပါပဲ။ ကျွန်တော်တို့ပါတီကတော့ အတိတ်ကာလမှာ အစိုးရယန္တရားတစ်ရပ်ရပ်ကို အောင်အောင်မြင်မြင် စီမံခန့်ခွဲဖူးတဲ့ အတွေ့အကြုံရှိပါတယ်။ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ဖူးတယ်။ နိုင်ငံတကာဆက်ဆံရေးတွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့တဲ့ သာဓကများစွာရှိပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့အနာဂတ်ကို အတွေ့အကြုံမရှိတဲ့သူတွေရဲ့ လက်ထဲမှာ အစမ်းသပ်ခံလို့ မဖြစ်ဘူး။ အပွန်းပဲ့ခံလို့ မဖြစ်ပါဘူး။ အဲဒီတော့ ခိုင်မာတဲ့ သက်သေပြပြီးသားဖြစ်တဲ့ ဦးဆောင်မှုနဲ့ ခိုင်မာတဲ့အဖွဲ့အစည်းမျိုးကိုသာလျှင် အနာဂတ်အတွက်ရွေးချယ်သင့်တယ်လို့ ကျွန်တော်ကတော့ အလေးအနက်ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ဇေယျာသီရိမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
