၁၃.၁၁.၂၀၂၅
Translated by Htwe Ko Tun
ပီရူးနိုင်ငံ တောင်ပိုင်း၊ အရီကွီပါ ဒေသအတွင်း နှစ်ထပ်ဘတ်စ်ကားတစ်စီးမှာ ပစ်ကပ်ထရပ်ကားတစ်စီးနှင့် နိုဝင်ဘာလ ၁၂ ရက်က တိုက်မိခဲ့ရာမှ လျှိုတစ်ခုအတွင်း ထိုးကျသွားခဲ့ရာ အနည်းဆုံး လူ ၃၇ ဦးသေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။
ဖြစ်ရပ်၌ နှစ်ထပ်ဘတ်စ်ကားက ပစ်ကပ်ထရပ်ကားနှင့် တိုက်မိပြီးနောက်တွင် လမ်းဘေးရှိ မီတာ ၂၀၀ ကျော် (ပေ ၆၅၀ ကျော်) နက်သော လျှိုတစ်ခုအတွင်း ကျသွားခဲ့ခြင်းဖြစ်ရာ ပီရူးနိုင်ငံ၏လူသေဆုံးမှုအများဆုံး ယာဉ်တိုက်မှုတစ်ရပ်လည်းဖြစ်ခဲ့သည်။ ပီရူးနိုင်ငံအတွင်း ယာဉ်မတော်တဆဖြစ်သေဆုံးမှုများက မကြာခဏဆိုသလိုလည်း ဖြစ်ပျက်လေ့ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
ဒေသခံအာဏာပိုင်များက ဖြစ်ရပ်တွင် လူ ၃၆ ဦး နေရာ၌သာ သေဆုံးခဲ့ကြပြီး တစ်ဦးမှာ ရရှိသည့် ဒဏ်ရာများနှင့်ထပ်မံသေဆုံးကြောင်း ပြောခဲ့ကြသည်။ နှစ်ထပ်ဘတ်စ်ကားပေါ်တွင် လူ ၆၀ ခန့် လိုက်ပါလာကြရာ ရှစ်လသားကလေးငယ်တစ်ဦးနှင့် အခြားကလေးနှစ်ဦးတို့အပါအဝင် ဒဏ်ရာရသူ ၂၆ ဦးရှိပြီး သုံးဦးမှာဒဏ်ရာပြင်းထန်ကြောင်းလည်း သိရသည်။
ဘတ်စ်ကားက ပီရူးနိုင်ငံ၏ ကာရာဗီလီပြည်နယ်၊ ချာလာမြို့မှ နိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သော အရီကွီပါမြို့သို့ သွားနေခြင်းလည်းဖြစ်သည်။ ဗီဒီယိုရိုက်ကူးချက်များအရ ဘတ်စ်ကားက လျှိုအတွင်းသို့ ဇောက်ထိုးမိုးမျှော်ကျသွားခဲ့ပြီး ခရီးသည်တို့၏ ပစ္စည်းများက ပြန့်ကျဲနေသည်ကိုတွေ့ကြရသည်။
မီးသတ်ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျက်ပေ့ဇ်က ကျောက်တောင်ထူထပ်သောနေရာဖြစ်၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခက်ခဲနေရကြောင်း၊ ၎င်းက သေဆုံးဒဏ်ရာရသူများ၏ မိသားစုဝင်အများအပြားကို ပို၍ ပူဆွေးသောကရောက်စေကြောင်း ပြောခဲ့သည်။
ပြည်ထဲရေးဝန်ကြီးကလည်း ရဲတပ်ဖွဲ့ဝင်များက မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နေကြောင်း၊ ဒဏ်ရာရသူများကို ရွှေ့ပြောင်းသယ်ဆောင်ခြင်း၊ သေဆုံးသူများအား ရှာဖွေခြင်းတို့ကို လုပ်ဆောင်နေကြောင်း ပြောခဲ့သည်။
အဖြစ်အပျက်တွင် ဘတ်စ်ကားမောင်းသူက သေဆုံးခဲ့ပြီး ထရပ်ကားမောင်းသူမှာမူ အသက်ရှင်ကျန်ရစ်ကြောင်း သိရသည်။ ယာဉ်တိုက်မှုတွင် ထရပ်ကားမောင်းသူ၌ တာဝန်ရှိသည်ကို စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရသည်။
Ref- DW News
