၁၃.၁၁.၂၀၂၅
Written by Thiri
သက်ဆိုင်ရာက စစ်ဆေးရေးဝင်ပြီး သတ်မှတ်ချက်တွေနဲ့မကိုက်ညီလို့ စက်ရုံပိတ်သိမ်းလိုက်ရတဲ့ ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ဘော်ထောင်းမြို့ရှိ လျှပ်စစ်မီးကြိုးစက်ရုံက စက်ရုံရှိ မြန်မာလုပ်သားတွေကို လုပ်ထုံးလုပ်နည်းတွေအတိုင်း ရှင်းလင်းမပေးဘဲ အလုပ်ဖြုတ်ခဲ့တာကြောင့် နစ်နာသူအလုပ်သမား ၅၀ ကျော်က Worker Alliance Group (အလုပ်သမားမဟာမိတ်အဖွဲ့) ထံ အကူအညီတောင်းလာလို့ နစ်နာကြေးရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ဘော်ထောင်းမြို့ရှိ လျှပ်စစ်မီးကြိုးစက်ရုံမှာ အလုပ်လုပ်နေတဲ့ (MOU/Name list) ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး ၅၁ ဦးဟာ အဆိုပါစက်ရုံမှာ အလုပ်လုပ်နေတာ အမြင့်ဆုံးလုပ်သက် (၃) နှစ်အထိ လုပ်ကိုင်ခဲ့သူတချို့လည်းပါဝင်နေပြီး အများစုက ၃ လကနေ ၅ လ၊ ၆ လ ဝန်းကျင် လုပ်သက်နဲ့ အလုပ်သမားတွေ များတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က အဆိုပါစက်ရုံမှာ စစ်ဆေးရေး ဝင်ရောက်စစ်ဆေးခံရပြီးတဲ့နောက် စက်ရုံပိတ်သိမ်းရမှာဖြစ်တဲ့အတွက် အလုပ်သမားတွေကို အလုပ်ဖြုတ်လိုက်တာကြောင့် အလုပ်သမားတွေမှာ သက်တမ်းတိုးရမယ့်ကိစ္စနဲ့ အလုပ်သမား နစ်နာကြေးရရှိဖို့အတွက် WAG အလုပ်သမားမဟာမိတ်ထံ ဇူလိုင်လ ၂၂ ရက်နေ့မှာ အကူအညီတောင်းခံလာတာလို့ သိရပါတယ်။
WAG အဖွဲ့သားတွေက အလုပ်သမားတွေနဲ့အတူ နယ်မြေခံ ဆာဝါဒီကန်ရုံးဆီ သွားရောက်ကူညီတိုင်ကြားခဲ့ရာ မနေ့က နိုဝင်ဘာ ၁၂ ရက်နေ့မှာ စက်ရုံသူဌေးက အလုပ်သမားတွေကို နစ်နာကြေး တစ်ဦးလျှင် ဘတ် နှစ်သောင်းနဲ့ ၅၁ ဦးစာ ဘတ် ဆယ်သိန်း နှစ်သောင်းကို ထိုင်းအလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရုံးနဲ့ WAG အဖွဲ့သားတွေရှေ့မှာ လာရောက်ပေးဆောင်ခဲ့ပြီး အလုပ်သမားတွေရဲ့ ကျန့်အော်၊ ကျန့်ခေါက် (အလုပ်ပြောင်း၊ အလုပ်သစ်ရှာရာမှာ စက်ရုံဘက်က ထုတ်ပေးရတဲ့စာရွက်စာတမ်း) ကိစ္စနဲ့ ဗီဇာသက်တမ်းတိုးပြီးတဲ့အထိ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ ကတိရရှိခဲ့တယ်လို့ သိရပါတယ်။

WAG မှ ကိုမုန်တိုင်းက “ပုံမှန်ဆို လုပ်သက် တစ်နှစ်ရှိသူဆို တစ်လစာ၊ နှစ်နှစ်ဆို နှစ်လ စသဖြင့် နစ်နာကြေးရပါတယ်။ အခုက နှစ်သမားက သုံးလေးယောက်လောက်နဲ့ လသမားများတော့ ကြားချပြီး တစ်ဦးကို ဘတ် နှစ်သောင်းဆီ နစ်နာကြေးဖို့ယူဖို့ ညှိနှိုင်းပေးခဲ့တာပါ။ သူတို့ဘက်ကလည်း လက်ခံပါတယ်။ ကျွန်တော်တို့ WAG အဖွဲ့က အခုလို အလုပ်သမားတွေအရေး ဆောင်ရွက်ပေးတဲ့အခါ သူတို့ဘက်က အဖွဲ့ကို စေတနာအလျောက် ပြန်လှူပေးတာကိုပဲ လက်ခံတာပါ။ ကော်မရှင်ယူတာမျိုးမရှိပါဘူး။ ရုံးကနေ ဌာနဆိုင်ရာတွေကို သွားလာတဲ့ စရိတ်စက ကားခတော့ အကူအညီတောင်းသူက ခံရပါတယ်။ မရှိရင်လည်း အဖွဲ့က ရုံးမှာ ကူညီစောင့်ရှောက်ထားတာပါ။ သူတို့ရစရာရှိတာ ရပြီးရင်လည်း ပြန်ပေးသွားကြပါတယ်” လို့ ပြောပါတယ်။
ဒီလထဲမှာပဲ ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ပါရပ်ကွက်မှာရှိတဲ့ စားသောက်ကုန်စက်ရုံ(မုန့်ရုံ)မှာ အလုပ်လုပ်နေကြတဲ့ မြန်မာ (MOU/CI)အလုပ်သမား ၁၆၉ ဦးကလည်း စက်ရုံက လခစားအလုပ်သမားကနေ နေ့စားအလုပ်သမားအဖြစ် ပြောင်းလဲကာ လုပ်အားခ ခေါင်းပုံဖြတ်တဲ့အတွက် WAG အဖွဲ့ထံ ထပ်မံလာရောက် တိုင်ကြားတဲ့ ဖြစ်စဉ်လည်း ရှိတယ်လို့ သိရပါတယ်။
