◾ ဂုတ်ထိပ်တံတားကြီး၏ ပျက်စီးသွားသည့် အစိတ်အပိုင်းကို ရှေးမူရင်းလက်ရာ ဒီဇိုင်းပုံစံအတိုင်း ပြန်လည်ပြင်ဆင်ပြုပြင် ပြီးစီးပြီဖြစ်၍ ယခင် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ ပြေးဆွဲပေးလျက်ရှိသော ရှုခင်းကြည့် RBE ရထားများကိုလည်း မကြာမီ ပြန်လည်ပြေးဆွဲ ပေးသွားနိုင်တော့မည်
MT News
၁၂. ၁၁. ၂၀၂၅
၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် TNLA သောင်းကျန်းသူများ၏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းခံခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ရှေးဟောင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြီး၏ ပျက်စီးသွားသော အစိတ်အပိုင်းများကို မြန်မာ့မီးရထား အင်ဂျင်နီယာများက ရှေးမူရင်းလက်ရာ ဒီဇိုင်းအတိုင်း အောင်မြင်စွာ ပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပြီးဖြစ်သဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ယမန်နေ့တွင် ဂုတ်ထိပ်တံတားကြီးပေါ်၌ ရထားစမ်းသပ် မောင်းနှင်နေခြင်းအား သွားရောက်စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ ကွန်ကရစ် ဇလီဖားစက်ရုံသို့ ရောက်ရှိစစ်ဆေးရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်း အမှုထမ်းများက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှစ၍ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းကြောင့် ကွန်ကရစ်ဇလီဖားစက်ရုံ၏ ပျောက်ဆုံး/ပျက်စီးသွားခဲ့သော စက်စ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အရံထားရှိသည့်ပစ္စည်းများ၊ ယာဉ်ယန္တရားများ စုစုပေါင်း (၁၇၉)မျိုး၊ ကာလတန်ဖိုးငွေကျပ် ၃၈၈၈ ဒသမ ၆၂ သန်း ခန့်ဆုံးရှုံးခဲ့ရသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံအမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေးနှင့် လုပ်ငန်းအပေါ်မူတည်၍ အရေးကြီးသည့်ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရန် ကိစ္စရပ်များကို မှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် သီပေါမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အော်တိုအိတ်ချိန်း)ရုံး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မြို့နယ်ရုံး)၊ သီပေါဘူတာနှင့် မြန်မာ့စာတိုက်လုပ်ငန်း (သီပေါစာတိုက်)တို့ကို ကြည့်ရှုစစ်ဆေးကာ မြန်မာ့စာတိုက်လုပ်ငန်း(သီပေါစာတိုက်)၌ ဝန်ကြီးဌာန၏ ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီး ရည်မှန်းချက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေးနှင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌ စေတနာထား ကြိုးစားဆောင်ရွက်ရေး ကိစ္စများကို မှာကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်မဲမြို့သို့သွားရောက်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပညာပေးသင်တန်းခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ဆက်လက်၍ ကျောက်မဲဘူတာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘူတာနှင့် ယာဒ်ဝန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရထားများ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် လမ်းပိုင်းကြံ့ခိုင်မှုအခြေအနေများကို စစ်ဆေးပြုပြင်သွားရန် ကိစ္စရပ်များကိုမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်ဘူတာသို့ ရောက်ရှိပြီး ရာနှုန်းပြည့် ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်သည့် ဂုတ်ထိပ်တံတားကြီးပေါ်မှ ကုန်တန်ချိန် ၂၀၉ တန် တင်ဆောင်ထားသည့် ရထားတွဲဆိုင်းဖြင့် စမ်းသပ်ဖြတ်သန်းမောင်းနှင်နေမှုကို ကြည့်ရှုကာ RGC သံလမ်းပြေးယာဉ်ဖြင့် ဂုတ်ထိပ်ဘူတာမှ လားရှိုးဘက်ခြမ်းတံတားထိပ်အထိ လိုက်ပါစီးနင်း၍ ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဂုတ်ထိပ်တံတားသည် ယခုနှစ် ဩဂုတ် ၂၄ ရက်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် တံတားကြီး၏ လားရှိုးဘက်အခြမ်းကမ်း ကပ်ခုံနှင့် တံတားတိုင်အမှတ် ၁၆ အကြား တံတားသံဘောင်နှစ်ဖက်စလုံး ကျိုးကျပျက်စီးခဲ့ရပြီး ယင်းပျက်စီးသွားသော တံတားသံဘောင်နေရာများတွင် မြန်မာ့မီးရထား အင်ဂျင်နီယာဌာန၏ တံတားဘောင် အလုပ်ရုံ(ရန်ကုန်)မှ ထုတ်လုပ်သည့် သံဘောင်များဖြင့် ရက်ပေါင်း ၇၆ ရက်အတွင်း ပြန်လည်အစားထိုးတပ်ဆင်ပြီး ရှေးမူမပျက် ပြန်လည်ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဂုတ်ထိပ်တံတားကြီးကို အချိန်တိုအတွင်း အမြန်ပြီးစီးအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် တံတားပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော မြန်မာ့မီးရထားမှ အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂုတ်ထိပ်ဘူတာသို့ RGC ရထားဖြင့် ပြန်လည်ရောက်ရှိပြီး သမိုင်းအမွေအနှစ် တံတားကြီးတစ်ခုဖြစ်သည့်အပြင် ပြည်တွင်းပြည်ပမှ ခရီးသွားများ အထူးစိတ်ဝင်စားသည့် နေရာတစ်ခုဖြစ်သည့်အတွက် ဘူတာနှင့် ဘူတာယာဒ်ဝန်းအား အမြဲတမ်း သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ယခုအခါ မြန်မာ့မီးရထားမှ အင်ဂျင်နီယာဝန်ထမ်းများက အဆိုပါ ဂုတ်ထိပ်တံတားကြီး၏ ပျက်စီးသွားသည့် အစိတ်အပိုင်းကို ရှေးမူရင်းလက်ရာ ဒီဇိုင်းပုံစံအတိုင်း ပြန်လည်ပြင်ဆင်ပြုပြင် ပြီးစီးပြီဖြစ်၍ ယခင် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ ပြေးဆွဲပေးလျက်ရှိသော ရှုခင်းကြည့် RBE ရထားများကိုလည်း မကြာမီ ပြန်လည်ပြေးဆွဲ ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ Photo – MDN
