သက်တန့်
၁၂. ၁၀. ၂၀၂၅
ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေမိန်းချေးပြည်နယ်ရှိ ကမ္ဘောဒီးယား အရပ်သားများကို ယနေ့ ညနေပိုင်းက ပစ်ခတ်ခဲ့မှုဖြစ်စဉ်အတွင်း လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအာဏာပိုင်များ၏ ကနဦး အစီရင်ခံစာအရ သိရသည်။
ပစ်ခတ်မှုသည် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်တစ်လျှောက်တွင် နိုဝင်ဘာ ၁၂ ရက် ညနေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဒေသသည် မကြာသေးမီလများအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သော နေရာဖြစ်သည်။ ဤဖြစ်ရပ်သည် နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ကြားဝင်စေ့စပ်ပေးခဲ့သော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိုင်းနိုင်ငံက တစ်ဖက်သတ် ဆိုင်းငံ့လိုက်ပြီး နောက်တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်းစစ်သားများက ဘန်တေမိန်းချေး နယ်စပ်တစ်လျှောက်ရှိ ကမ္ဘောဒီးယားအရပ်သားများကို ရက်စက်ကြမ်းကြုတ်၍ လူမဆန်သည့် လုပ်ရပ်ဖြင့် ပစ်ခတ်ခဲ့ရာ လူငါးဦး ဒဏ်ရာရရှိခဲ့မှုအား ပြင်းထန်စွာ ရှုတ်ချလိုက်သလို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီဆိုချေတာ၏ အတည်ပြုပြောကြားချက်အရ ဤဖြစ်ရပ်သည် အိုချရော့ခရိုင်၊ အိုဗေချောင်းနယ်မြေ၊ ဖရိုင်းချန်းရွာ၌ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေသအာဏာပိုင်များ၏ ကနဦး အစီရင်ခံစာများကလည်း အရပ်သားငါးဦး တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ “ဒီတိုက်ခိုက်မှုကို ထိုင်းစစ်သားတွေက လွန်ခဲ့တဲ့ ရက်ပေါင်းများစွာကတည်းက တိုက်ပွဲတွေဖြစ်ပွားဖို့ ရည်ရွယ်ပုံရတဲ့ ထပ်တလဲလဲ ရန်စတဲ့လုပ်ရပ်များ စွာကို လုပ်ဆောင်ပြီးနောက်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။
ဝန်ကြီးဌာနသည် အဆိုပါဖြစ်ရပ်ကို “အပြင်းထန်ဆုံး စကားလုံးများဖြင့်” ရှုတ်ချခဲ့သည်။ ထိုဖြစ်ရပ်သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မလေးရှားဝန်ကြီးချုပ်နှင့် အာဆီယံဥက္ကဋ္ဌ အန်ဝါ အီဘရာဟင်တို့၏ ရှေ့မှောက်၌ နိုင်ငံနှစ်ခု၏ ဝန်ကြီးချုပ်များ လက်မှတ်ရေးထိုးခဲ့သော ကမ္ဘောဒီးယားနှင့် ထိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုင်ရာ ပူးတွဲကြေညာချက်ကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ကမ္ဘောဒီးယားသည် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိုင်းနိုင်ငံက ထပ်တလဲလဲ ချိုးဖောက်ခြင်းနှင့် ၎င်း၏ “တရားမဝင်လုပ်ရပ်များ” ကို နိုင်ငံတကာအသိုက်အဝန်းက “ခိုင်မာစွာ ရှုတ်ချကြရန်” တောင်းဆိုခဲ့ပြီး၊ နောက်ဆုံးဖြစ်ပွားခဲ့သော တင်းမာမှုများ မြင့်တက်လာမှုအတွက် ထိုင်းနိုင်ငံက အပြည့်အဝ တာဝန်ယူရန် တောင်းဆိုခဲ့သည်။
“ကမ္ဘောဒီးယားသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသော ရန်လိုသည့် လုပ်ရပ်အားလုံးကို ချက်ချင်းရပ်တန့်ရန် ထိုင်းနိုင်ငံကို တိုက်တွန်းသည်” ဟု ကြေညာချက်က ဆက်လက်ဖော်ပြခဲ့ပြီး၊ ဖနွမ်းပင်သည် အပစ်အခတ်ရပ်စဲရေးနှင့် ရိုးသားသောစိတ်ဖြင့် ရောက်ရှိခဲ့သော ယခင်သဘောတူညီချက်များအားလုံးကို အခိုင်အမာ ကတိပြုနေဆဲဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ကမ္ဘောဒီးယားသည် နိုင်ငံတကာဥပဒေ၊ စာချုပ်များနှင့် ကွန်ဗင်းရှင်းများနှင့်အညီ အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းရန် လိုက်နာကျင့်သုံးပြီး၊ မည်သည့် ခြိမ်းခြောက်မှု သို့မဟုတ် အင်အားသုံးမှုကိုမဆို ဆန့်ကျင်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသလို သံတမန်ရေးနည်းလမ်းဖြင့် တရားမျှတပြီး ရေရှည်တည်တံ့သော ဖြေရှင်းချက်ကို ရှာဖွေရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို အတည်ပြုပြောကြားခဲ့သည်။
Ref : Khmer Times
