နေမိုး
၁၂. ၁၁. ၂၀၂၅
ပြင်ဦးလွင်မြို့က အောင်စံပယ် စိန်ရွှေရတနာဆိုင်ကို ဒီနေ့မနက်ပိုင်းက လူငယ်နှစ်ဦး ဝင်ရောက်လုယက်ရာမှာ လုံးထွေးဖမ်းဆီးတဲ့ဆိုင်ဝန်ထမ်းကို ပစ်သတ်မှုဖြစ်ပွားခဲ့သလို ဒီဖြစ်စဥ်ကို ကျူးလွန်တဲ့ တရားခံတစ်ဦး ဖမ်းမိထားပေမဲ့ တစ်ဦးလွတ်မြောက်နေပေမဲ့ ဖမ်းမိတဲ့တရားခံကို အမျိုးသမီးတစ်ယောက်က ကြက်ဥကတ်နဲ့ပစ်ပေါက် ရိုက်နှက်ဖမ်းဆီးရာက ကျန်တဲ့ အနီးဝန်းကျင်က ပြည်သူတွေကပါ ဝိုင်းဝန်းဖမ်းဆီးတာလို့ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ နိုဝင်ဘာ ၁၂ ရက် မနက် ၈ နာရီခွဲခန့်အချိန်က မန္တလေး-လားရှိုးသွားကားလမ်းဘေး၊ နာရီစင်အနီး “အောင်စံပယ်”စိန်ရွှေရတနာဆိုင်ကို ဝန်ထမ်းသုံးဦးက ဖွင့်လှစ်ဖို့ လုပ်ဆောင်နေချိန် အင်္ကျီအဖြူလက်ရှည်နဲ့ အင်္ကျီအမည်းလက်ရှည်ဝတ်ထားတဲ့ အမည်မသိလူငယ် ၂ ဦးက Honda 110 နက်ဖြူ ဆိုင်ကယ်နံပါတ်မပါ ၁ စီးနဲ့ ဆိုင်ကယ်ဦးထုပ်ကိုယ်စီဆောင်း ဆိုင်အတွင်း သေနတ်ကိုင်ဝင်လာပြီး ရွှေထည်တွေလုယက်ချိန် ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးက ဝင်ရောက်လုံးထွေးဖမ်းဆီးရာမှာ အင်္ကျီအမည်းလက်ရှည်ဝတ်ထားသူက ဝင်ရောက်လုံးထွေး ဖမ်းဆီးတဲ့ ဆိုင်ဝန်ထမ်းဖြစ်သူ ဦးစိန်ဝင်းလို့ ကနဦးသိရသူကို ပစ်သတ်ထွက်ပြေးသွားတာကြောင့် ဦးစိန်ဝင်းဟာ မျက်နှာကို သေနတ်ထိမှန် သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီနောက် လူသတ်ဓားပြတိုက်သူနှစ်ယောက်က သူတို့စီးလာတဲ့ဆိုင်ကယ်နဲ့ ပြန်ထွက်ပြေးဖို့လုပ်နေချိန် ကြက်ဥတွေပါတဲ့ကတ်ကို ကိုင်ထားသူ ပိန်ပိန်သေးသေးအမျိုးသမီးကပြေးလာပြီး ကြက်ဥကတ်နဲ့ ပစ်ပေါက်ချိန် အနောက်က အင်္ကျီအမည်းနဲ့ အမျိုးသားက ထွက်ပြေးသွားပေမဲ့ ဆိုင်ထဲက ထွက်လာတဲ့ အမျိုးသမီးက လူသတ်သမားဓားပြက ကြက်ဥကတ်နဲ့ပေါက်သူအမျိုးသမီးကို ဝင်တိုက်ဖို့ကြံချိန် ဆိုင်ကယ်ကို ဆွဲလိုက်တာ တွေ့ရသလို ကြက်ဥကတ်နဲ့ ပေါက်တဲ့ အမျိုးသမီးကလည်း ရှောင်လိုက်နိုင်ပါတယ်။ အဲဒီအချိန် တစ်ဖက်က ပုဂ္ဂလိကဘဏ်လုံခြုံရေးဝန်ထမ်းက တုတ်နဲ့ လိုက်ရိုက်သလို အနားမှာရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၈ ဦးက ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးရာမှာ သေနတ်နဲ့ပစ်ခတ်သူ လူသတ်သမား အောင်မျိုးနိုင် (၃၀)နှစ် ဆိုသူကို ဖမ်းဆီးရမိထားတယ်လို့ သိရပြီး ဒီဖြစ်စဥ်ကို သက်ဆိုင်ရာကလည်း အတည်ပြုထုတ်ပြန်ထားကာ ထွက်ပြေးလွတ်မြောက်သူကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။




