သက်တန့်
၁၂. ၁၁.၂၀၂၅
ထိုင်းရဲတပ်ဖွဲ့သည် တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံသား ခံယူထားသူ ရှီကျီကျန်းအား ကျားဖြန့်အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု စွဲချက်များဖြင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းကာ တရားစွဲဆိုနိုင်ရန်အတွက် ဗန်ကောက်မြို့ရှိ ကလောင်ပရမ်ဗဟိုအကျဉ်းထောင်မှ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၂ ရက်) တွင် သုဝဏ္ဏဘူမိလေဆိပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ရဲတပ်ဖွဲ့၏ လုံခြုံရေးအစောင့်အရှောက်တွင် အမျိုးသားရဲတပ်ဖွဲ့ လက်ထောက်ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဂျီရာဘွပ် ဘူရီဒေ့ဂျ် ပါဝင်ခဲ့သည်။
၎င်း၏ပြောကြားချက်အရ တရုတ်အစိုးရသည် ရှီအား ဖမ်းဆီးပြီး တရုတ်နိုင်ငံတွင် တရားစွဲဆိုနိုင်ရန်အတွက် လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံသည် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများကို နှိမ်နင်းရာတွင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည်ဟု ကတိပြုခဲ့သည်။
သံသယရှိသူသည် လိမ်လည်မှုများတွင် ပါဝင်ပတ်သက်မှုကို ငြင်းဆိုခဲ့သော်လည်း စုံစမ်းစစ်ဆေးသူများကမူ ၎င်းသည် မြန်မာနိုင်ငံ၏ ထိုင်းနယ်စပ် မြဝတီခရိုင်ရှိ ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်တွင် မြေပြင်ပေါ်နှင့် အွန်လိုင်းကာစီနိုများ တည်ဆောက်ခဲ့ပြီး ၎င်း၏ကာစီနိုဝင်းအတွင်း၌ လိမ်လည်မှုစင်တာများကို နေရာပေးထားကြောင်း တွေ့ရှိရသည်ဟု ဒုတိယရဲဗိုလ်ချုပ်ကြီး ဂျီရာဘွပ်က ပြောသည်။
၎င်းသည် ရွှေကုက္ကိုလ်တွင် သြဇာကြီးမားသူဖြစ်ပြီး ဒေသခံခေါင်းဆောင်များနှင့် ရင်းနှီးသူဖြစ်သည်။

သံသယရှိသူသည် သုဝဏ္ဏဘူမိလေဆိပ်မှ တရုတ်နိုင်ငံသို့ ညနေ ၄ နာရီ မိနစ် ၂၀ တွင် လေယာဉ်ဖြင့် ထွက်ခွာရန် စီစဉ်ထားသည်။ ဒုတိယရဲဗိုလ်ချုပ်ကြီး ဂျီရာဘွပ်က လိမ်လည်မှုနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးရန်အတွက် ကြာသပတေးနေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဟု ပြောကြားခဲ့သည်။
အသက် ၄၂ နှစ်အရွယ် ရှီသည် တရားရုံးချုပ်၊ အယူခံတရားရုံးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့တွင် ၎င်းအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမှုကို အောင်မြင်စွာ ဆန့်ကျင်နိုင်ခဲ့ခြင်းမရှိပေ။
ဒုတိယရဲဗိုလ်ချုပ်ကြီး ဂျီရာဘွပ်၏ ပြောကြားချက်အရ ရာဇဝတ်သားများစွာသည် ခရီးသွားလာရေး အဆင်ပြေစေရန်အတွက် ကမ္ဘောဒီးယားအပါအဝင် နိုင်ငံများမှ ဒုတိယ သို့မဟုတ် တတိယ နိုင်ငံသားဖြစ်ခွင့်ကို ရယူရန် ကြိုးပမ်းကြသည်။ ဖမ်းဆီးခံရသည့်အခါ တရုတ်နိုင်ငံအစား ကမ္ဘောဒီးယားသို့ လွှဲပြောင်းပေးရန် တင်ပြလေ့ရှိကြောင်း ၎င်းက ဆိုသည်။
တရုတ်အာဏာပိုင်များက ရှီသည် သုံးစွဲသူ ၃၃၀,၀၀၀ ကျော်ရှိသော လောင်းကစားဝက်ဘ်ဆိုက်များကို စီမံခန့်ခွဲခဲ့ပြီး ယွမ်ငွေ သန်း ၁၅၀ (ဘတ်ငွေ သန်း ၇၀၀ ခန့်) ကျော် ဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း စွပ်စွဲထားသည်။
၎င်းသည် မြန်မာနိုင်ငံ၏ ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်ရှိ “အာရှပစိဖိတ်မြို့သစ် (Asia-Pacific New City) စီမံကိန်းနောက်ကွယ်မှ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ထိုနေရာတွင် ကာစီနိုနှစ်ခုကို ပူးတွဲပိုင်ဆိုင်ကာ လုပ်ကိုင်ခဲ့သည်ဟု သိရသည်။
သတင်းများအရ ရှီသည် ကမ္ဘောဒီးယားနိုင်ငံ၊ ကော့ကုန်းခရိုင်ရှိ ဒါရာ ဆာကိုးလ် (Dara Sakor) ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင်လည်း အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ထိုနေရာသည် ကောလ်စင်တာ လိမ်လည်မှုဂိုဏ်းများစွာ၏ ဌာနချုပ်ဖြစ်သည်။
ဤလုပ်ငန်းများမှတစ်ဆင့် ရှီနှင့် ၎င်း၏အပေါင်းအပါများသည် တရုတ်နိုင်ငံသားများကို အွန်လိုင်းလောင်းကစားရန် ဖျားယောင်းဆွဲဆောင်ကာ ကြီးမားသော တရားမဝင်အမြတ်ငွေများ ရရှိခဲ့သည်ဟု စွပ်စွဲခံထားရသည်။
Ref : Bangkok Post
