MT News
Written by Nay Aung
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Huai Kwang အရပ်ရှိ Kamphaeng Phet ၇ လမ်းတွင် ဆောက်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားရာချီအလုပ်လုပ်နေသည့် လေးထပ်တိုက် ဆောက်လုပ်စအဆောက်အဦတစ်ခု ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၄ နာရီကျော်က ပြိုကျခဲ့ရာ မြန်မာနိုင်ငံသား အလုပ်သမား ၁၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနိုင်ခဲ့ပြီး အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆောက်အဦ၏ သုံးလွှာနှင့် လေးလွှာတို့သည် ဒုတိယအလွှာအပေါ်သို့ ပြိုကျခဲ့ပြီး အဆောက်အဦပြိုကျချိန်တွင် မြန်မာအမျိုးသား တစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ အပျက်စီးများကြားပိတ်မိနေခဲ့သည်ကို ရှာဖွေကယ်ဆယ်ခဲ့ရကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ အဆိုပါ မြန်မာနိုင်ငံသားသုံးဦးသည် အဆောက်အဦးပြိုကျမှုကြောင့် ခေါင်းကွဲခဲ့သလို ခန္ဒာကိုယ်တွင်လည်း ဒဏ်ရာများရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များကပြောသည်။
အဆိုပါ အဆောက်အဦသည် လူနေ အဆောက်အဦနှင့် ရုံးခန်းဖွင့်လှစ်ရန် တည်ဆောက်နေခြင်းဖြစ်ပြီး၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်အတွင်း အပြီးတည်ဆောက်ရမည်ဖြစ်ကာ ဆောက်လုပ်ရေးကုမ္ပဏီမှာ Kamphaeng Phet ၇ လမ်းတွင် အဆောက်အဦပေါင်း ၁၀ ခုတည်ဆောက်ရန် ကန်ထရိုက်ရရှိထားကြောင်း သိရသည်။
အဆောက်အဦပြိုကျချိန်တွင် မြန်မာအမျိုးသမီးနှစ်ဦး မူးလဲခဲ့ပြီး စုစုပေါင်းအလုပ်သမား ၅ ဦးကို ဘန်ကောက်မြို့ရှိ Petcharavaj ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။ အဆိုပါ ဆောက်လုပ်ရေးစီမံကိန်းတွင် အလုပ်သမားပေါင်း ၁၃၀ ကျော်ရှိနေပြီးအများစုက မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်အလုပ်လုပ်နေသော အလုပ်သမားအချို့သည် အဆောက်အဦပြိုကျသည်ကိုတွေ့မြင်ခဲ့ပြီးနောက် အော်ဟစ်ခဲ့ရာမှ ဘေးလွတ်ရာသို့ထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမား ၁၂၅ ဦး ထိခိုက်ဒဏ်ရာရမှုမရှိသလို ပျောက်ဆုံးခြင်းလည်းမရှိကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။ ထိုင်းရဲမှူးကြီး Thithi Saengsawang နှင့် ဆောက်လုပ်ရေးလုပ်ငန်း ကြီးကြပ်စိစစ်ရေးအဖွဲ့သည် အဆိုပါအဆောက်အဦပြိုကျမှုကို စုံစမ်းစစ်ဆေးနေပြီး လက်ရှိအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်းသိရသည်။
ref – thairath



