နေမိုး
၁၀. ၁၁. ၂၀၂၅
နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများအပြင် သဘာဝဘေးနှင့် စီးပွားရေးကပ်ဘေးဒုက္ခကို ခါးသီးစွာ ရင်ဆိုင်နေကြရသည့်ကြားက စီးပွားရေးပိတ်ဆို့မှုကိုပါ ကြုံတွေ့ခံစားနေရပြီး အဆိုပါ အခက်အခဲမျိုးစုံ ကျော်လွှားနိုင်ရန် နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်ရမည့်အပြင် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းနိုင်အောင်လည်း ဦးစားပေးဆောင်ရွက်မည်ဟု ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ သီရိပျံချီ စိုင်းအိုက်ပေါင်းက ပြောကြားသည်။
“လက်ရှိ နိုင်ငံတော်ရဲ့ ပကတိအခြေအနေဟာ တိုင်းရင်းသားလက်နက်ကိုင်မျိုးစုံနဲ့ တော်လှန်ရေးအမည်ခံထားတဲ့ အဖွဲ့အစည်းတွေရဲ့ တော်လှန်ပုန်ကန်မှုတွေရှိနေတာကြောင့် ကျွန်တော်တို့ပါတီက ပထမဦးစွာ ငြိမ်းချမ်းရေးကို ရရှိအောင် ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား။ နိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခအပြင် သဘာဝဘေးနှင့် စီးပွားရေးကပ်ဘေးဒုက္ခကို ခါးသီးစွာ ရင်ဆိုင်နေကြရတဲ့ကြားက ပြည်ပနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု (Sanction) ဒဏ်ရာဒဏ်ချက်တွေကိုပါ ကြုံတွေ့ခံစားနေရပါတယ်။ ဒီလိုအခက်အခဲမျိုးစုံကနေ ကျော်လွှားနိုင်ဖို့ဆိုရင် နယ်မြေတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဦးစားပေး ဆောင်ရွက်ရမယ့်အပြင် နိုင်ငံတကာပိတ်ဆို့မှု(Sanction)တွေကို ရုပ်သိမ်းနိုင်အောင်လည်း ကျွန်တော်တို့ပါတီက ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သို့မှသာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ဝင်ရောက်လာမှာဖြစ်ပြီး နိုင်ငံတော်ရဲ့ လူမှုရေး၊ စီးပွားရေးစတဲ့ ဘက်စုံကဏ္ဍတွေ ပြန်လည်ဦးမော့လာနိုင်မှာဖြစ်ပါတယ်”ဟုလည်း (ဦး)စိုင်းအိုက်ပေါင်းက မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောစဉ် ထည့်သွင်းပြောကြားသည်။
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) သည် ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်က ပါတီမှတ်ပုံတင်အမှတ် (၂၈/၂၀၂၃)နှင့် ပါတီတည်ထောင်ခွင့်ရရှိခဲ့ပြီး အဆိုပါ ပါတီသစ်ကို တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ ၂၀၁၀ ပြည့်နှစ်က ရှမ်းအမျိုးသားရေးအတွက်ဦးတည်ပြီး တည်ထောင်ခဲ့သည့် ကျားဖြူပါတီဟောင်း၏အမည်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် (၅၈)ဦး အနိုင်ရရှိခဲ့ကာ ပြည်နယ်ဝန်ကြီး (၅)ဦးနှင့် ပြည်ထောင်စု ဒုဝန်ကြီး (၁)ဦး ခန့်အပ်ခြင်း ခံခဲ့ရသည်။ သို့သော် နိုင်ငံကို တိုးတက်ပြောင်းလဲနိုင်သည့်အထိ မစွမ်းဆောင်နိုင်ခဲ့ဘဲ နိုင်ငံကို တိုးတက်ပြောင်းလဲနိုင်ဖို့အတွက် ခိုင်မာတောင့်တင်းသည့် ပါတီတစ်ရပ်ကို မဖြစ်မနေ ထူထောင်နိုင်မှသာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ပေးနိုင်မည်ဖြစ်သဖြင့် တိုင်းရင်းသား (၁၃၅) မျိုးအပြင် နိုင်ငံသားတိုင်းကို ကိုယ်စားပြုသည့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ကို တည်ထောင်ရခြင်းဖြစ်သည်ဟုလည်း (ဦး)စိုင်းအိုက်ပေါင်းက ပြောကြားသည်။
ထို့အပြင် “လူငယ်တွေဟာ မိမိတို့ပညာရေးအတွက်၊ မိသားစုအတွက် ပြည်ပနိုင်ငံများသို့သွားပြီး အလုပ်လုပ်ကြဖို့ မျှော်လင့်ချက်တွေ ရှိနေကြပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ဝင်ရောက်လာတဲ့အခါ နိုင်ငံတော်ရဲ့ လူမှုစီးပွားရေး ပြန်လည်ဦးမော့လာမှာဖြစ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက်ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဒီအခါမှာ လူငယ်တွေရဲ့ ဘဝတက်လမ်း၊ အလုပ်အကိုင်တွေနဲ့ ယုံကြည်မှုတွေကို အာမခံချက်ပေးနိုင်ပြီဖြစ်လို့ လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးခြင်း၊ ယိုစီးခြင်းတွေရှိတော့မှာ မဟုတ်ပါဘူး။ လူငယ်တွေဟာ အလုပ်အကိုင်ရရှိရေးအတွက် ပြည်ပကို တရားမဝင်တဲ့လမ်းကနေ ထွက်ခွာနေရတာကြောင့် ကုန်ကျစရိတ်တွေများပြားပြီး အန္တရာယ်ပေါင်းစုံနဲ့လည်း ကြုံတွေ့နေကြရပါတယ်။ ဒီလို နစ်နာမှုတွေ မဖြစ်စေဖို့အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး Agency တွေ ဖွဲ့စည်းပြီး တရားဝင် နိုင်ငံခြားပို့ဆောင်ပေးခြင်းဖြင့် နိုင်ငံတော်လည်း တရားဝင်အခွန်ငွေတွေရ၊ လုပ်ငန်းခွင်အနိုင်ကျင့်ခြင်းကလည်း လွတ်ကင်းပြီး လူငယ်တွေ စိုးရိမ်ကြောင့်ကြမှုကင်းစွာနဲ့ စီးပွားရှာဖွေနိုင်မှာဖြစ်ပါတယ်။ စားဝတ်နေရေးအခက်အခဲနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို စနစ်တကျ လျှော့ချနိုင်မှသာ ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်ပြေမှာ ဖြစ်ပါတယ်။ လစာနည်းတဲ့ စက်မှုဇုန်နဲ့ ကုမ္ပဏီကဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာတဲ့ လူငယ်တွေ၊ မိသားစုဝင်တွေရဲ့ နေရေးထိုင်ရေးအတွက် တန်ဖိုးနည်း အဆောင်လိုမျိုး၊ အငှားအိမ်ရာစနစ်တွေ ဖော်ဆောင်နိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့ အထူးအတိုးနှုန်းချေးငွေတွေအပြင် ကုန်ကြမ်းပစ္စည်းတွေကိုလည်း သက်သာတဲ့ဈေးနှုန်းနဲ့ ပံ့ပိုးပေးဖို့ ကျွန်တော်တို့ပါတီက ရည်မှန်းထားပါတယ်။ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိတာတွေကို ဈေးနှုန်းအချိုသာဆုံးနဲ့ အလွယ်တကူရရှိရန် ဆောင်ရွက်ပေးသွားမှသာ ပြည်သူတွေ စားသောက်ရေး အဆင်ပြေမှာ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးနဲ့ ပြည်သူတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ ဖော်ဆောင်နိုင်ဖို့အတွက် နယ်စပ်ကုန်သွယ်ရေးကလည်း အလွန်အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အသစ်တစ်ခုကို ကြိုးစားဖော်ဆောင်သွားနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒီလိုကုန်သွယ်ရေးလမ်းကြောင်းကို ဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင် ရှမ်းပြည်နယ်အတွက်သာမကပဲ တစ်နိုင်ငံလုံးအတွက်ပါ ကုန်ဈေးနှုန်းတွေ တည်ငြိမ်လာမှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း မြောက်မြားစွာ ပေါ်ထွန်းလာမှာဖြစ်လို့ တိုင်းပြည်စီးပွားရေးကို များစွာအထောက်အကူပြုလာနိုင်မှာ ဖြစ်ပါတယ်” ဟုလည်း (ဦး)စိုင်းအိုက်ပေါင်းက ဆက်လက်ပြောကြားသည်။
