၉.၁၁.၂၀၂၅
Written by NYL
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် မြို့နယ်ထွေ/အုပ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လဝကတို့စုပေါင်း၍ မဲစာရင်းမှန်ကန်ရေးအတွက် မြေပြင်လူဦးရေ တိုက်ဆိုင်စိစစ်ဆောင်ရွက်မှုသို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နိုဝင်ဘာ ၈ ရက်၊ နေ့လယ်ပိုင်းက သွားရောက်ကြည့်ရှုကာ လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့နယ်ရှိ ရွှေခယ်သီရိခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများစုပေါင်း၍ မဲစာရင်းမှန်ကန်ရေးအတွက် မြေပြင်လူဦးရေတိုက်ဆိုင် စိစစ်ဆောင်ရွက်နေမှုအခြေအနေများနှင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားမရရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို လည်းကောင်း၊ နိုင်ငံသားကတ်ပြားရရှိ ပြီးသူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်းဆောင်ရွက် ထုတ်ပေးနေမှုများကိုလှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခန်းမအတွင်းလုပ်ငန်းဆောင်ရွက်နေသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံကာ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးနှင့် အထွေထွေရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ရေးရှင်းလင်းပြောကြားခဲ့ပြီး ဌာနအလိုက်တာဝန်ခံများအား အလှူရှင်များလှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဆိုလာမီးလုံးများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့နယ်၊ကျုံမငေးမြို့၊ စက်ရုံဓမ္မရိပ်သာကျောင်းတိုက် ဦးစီးပဓာန နယကဆရာတော် နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ဒဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမန အမှူးပြုသော ဆရာတော်ကြီးများက ကျုံမငေးမြို့ရှိ မြို့ပေါ် ရပ်ကွက်များ၊အနီးပတ်ဝန်ကျင်ကျေးရွာများမှ ပြည်သူများကြည်ညိုပူဇော်နိုင်ရန် လှူဒါန်းမည့် ပန်းပေါင်းစုံဘုရားအဆူ (၁၁၀၀)ကို အနေကဇာတင်လှူပူဇော်ပွဲသို့ ယင်းနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ အလှူရှင်များက စက်ရုံဓမ္မာရိပ်သာကျောင်းတိုက်ရှိ ဆရာတော်၊ သံယာတော်များ၊ သီလရှင်များနှင့်ယောဂီများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး စက်ရုံဓမ္မရိပ်သာကျောင်းတိုက်အတွင်းရှိ ရဟန်းသံဃာနှင့် သီလရှင် များ၊ တရားစခန်းဝင်ယောဂီများအား တစ်နေ့တာ ဆွမ်းအလှူ ကုန်ကျစရိတ်များကို အလှူရှင်များနှင့် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ မိသားစုတို့က လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စက်ရုံဓမ္မရိပ်သာကျောင်းတိုက်ဆရာတော်ကြီးအား သိက္ခာတော်ထပ်မင်္ဂလာ အခမ်းအနားပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ အလှူရှင်များက ကျောင်းတိုက်အတွင်းရှိ သံဃာတော်များအား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။
