၈.၁၁.၂၀၂၅
Written by Nyein Kyaw
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ယခု နိုဝင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အတွင်း ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ယနေ့တွင် အသိပေးကြေညာထားသည်။
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ကျောင်းတက်ရောက်နေကြရမည်ဖြစ်သည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့် မဲဆန္ဒနယ်ပြင်ပတွင်ရှိသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ကြရမည့် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်မည်ဖြစ်သည်။
ထို့ကြောင့် မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအနက် ရွေးကောက်ပွဲ စတင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ကျောင်းများသို့ မသွားရောက်မီ မိမိတို့၏ မဲစာရင်းပါရှိရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း အသိပေးကြေညာထားသည်။
