၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံပိုင်စက်ရုံများကို အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ အလုပ်အကိုင်တည်ငြိမ်မှုကို ထိန်းသိမ်းတည့်မတ်ပေးနိုင်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
ယမန်နေ့တွင် ပြုလုပ်သည့် ပုဂ္ဂလိကနှင့် ငှားရမ်း/ ဖက်စပ်/ အကျိုးတူဆောင်ရွက်နေသည့် စက်ရုံများထုတ်လုပ်မှု တိုးတက်စေရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် မူဝါဒချမှတ်ရန်နှင့် ဆောင်ရွက်ရမည့်အစီအမံများ ရေးဆွဲရေး အကြိုညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဈေးကွက်စီးပွားရေးစနစ်အရ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ စက်ရုံများအနက် ပုဂ္ဂလိကသို့ ငှားရမ်းထားသော စက်ရုံများ၊ ဖက်စပ်လုပ်ငန်းနှင့် အကျိုးတူစနစ်ဖြင့် လည်ပတ်နေသော စက်ရုံများ၏ ကုန်ထုတ်လုပ်မှုစွမ်းအားသည် အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
နိုင်ငံပိုင်စက်ရုံများကို အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု အသွင်သဏ္ဌာန်ဖြင့် ဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ အလုပ်အကိုင်တည်ငြိမ်မှုကို ထိန်းသိမ်းတည့်မတ်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံပိုင်စက်ရုံများကို စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်ပြီး ရှေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်နိုင်ရန် လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စက်ရုံများ ရင်ဆိုင်ကြုံတွေ့နေရသော စီးပွားရေးနှင့် လုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို မှန်ကန်စွာ ပြန်လည်သုံးသပ်ပြီး လာမည့်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ရာတွင် အားနည်းချက်များကို လျော့နည်းအောင်၊ အားသာချက်များကို ပိုမိုရရှိအောင် ဆက်လက်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယနေ့ အစည်းအဝေးမှ ဆွေးနွေးရရှိသည့် အချက်အလက်များသည် ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍတို့ ပူးပေါင်း၍ စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် စီးပွားရေးတန်ဖိုးတိုးတက်မှုကို မြှင့်တင်နိုင်မည့် ထိရောက်သောမူဝါဒနှင့် အကောင် အထည်ဖော်ရေး အစီအစဉ်တစ်ရပ်ကို ရေးဆွဲနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
