၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးကို တရားရုံးက ပြစ်မှုထင်ရှားရှိကြောင်း စီရင်ပြီး ထောင်ကျမှသာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။

လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် PPP ပါတီ၏ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးအား အမတ်လောင်းစာရင်းမှ ပယ်ဖျက်သွားရန် ရှိ/မရှိနှင့် ပတ်သက်ပြီး Myanmar Transparency News (MT News) သတင်းဌာနမှ မေးမြန်းမှုအပေါ် UEC က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
UEC ၏ ဖြေကြားချက်အပြည့်အစုံမှာ “သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀ တွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူများကို သတ်မှတ်ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) အရ ထောင်ဒဏ်ကျခံနေရသူများသည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိပါဘူး။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၁၁၄ ဖြင့် ဖမ်းဆီးခံထားရသော ပြည်သူ့ရှေ့ဆောင်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးသည် တရားစွဲဆိုခံနေရပြီး သက်ဆိုင်ရာ တရားရုံးမှ စစ်ဆေးကာ ပြစ်မှုထင်ရှားသဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီး ထောင်ဒဏ်ကျခံရပါက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဖြေကြားထားသည်။


ထိုဖြစ်စဥ်မှာ ပြီးခဲ့သည့် တန်ဆောင်တိုင်ညက ကြက်ခိုးသူကို ဖမ်းဆီးရိုက်နှက်ရာမှ သေဆုံးသွားသဖြင့် ရိုက်နှက်သူဟုဆိုသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၏ ရှမ်းပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) အမှတ် (၁) မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးဆိုသူနှင့် သားဖြစ်သူ စိုင်းကျော်စိုးမိုးဆိုသူတို့ကို တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းကြောင့်ဖြစ်သည်။
ဖြစ်စဉ်အရ တန်ဆောင်တိုင်လပြည့်ည နိုဝင်ဘာ ၄ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် အေးသာယာမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၂)၊ အကွက်ကြီး (၈၀)၊ အိမ်အမှတ်(၄၂) နေအိမ်ရှေ့လမ်းမပေါ်တွင် ကြက်ခိုးရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ တာဝန်ရှိသူများနှင့် သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ လောတာ (ခ)စိုင်းထွန်းဆာသည် PPP ပါတီ၏ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီး နေအိမ်ရှေ့ ကွန်ကရစ်ခင်းထားသည့် ရေမြောင်းပေါ် ပက်လက်အနေအထားနှင့် နဖူးပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။
သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာ လောတာ(ခ)စိုင်းထွန်းဆာသည် ခြံချင်းကပ် ဦးစိုင်းရွှေထီးနေအိမ်ရှိ မန်ကျည်းပင်ပေါ်၌ အိပ်တန်းဝင်နေသည့် ကြက်များအားခိုးယူစဉ် ဦးစိုင်းရွှေထီးနှင့် သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့ သိရှိသွားသဖြင့် အပြန်အလှန်စကားများကြရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် လောတာ(ခ)စိုင်းထွန်းဆာအား သေဆုံးအောင် တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ကြသူများဖြစ်ကြသည့် အိမ်အမှတ်(၈၀)၊ အကွက်ကြီး(၄၂)၊ နယ်မြေ(၂)၊ ရပ်ကွက်(၁)၊ အေးသာယာမြို့နေသူ ဦးစိုင်းရွှေထီး၊ အသက် ၅၈ နှစ်နှင့် သားဖြစ်သူ စိုင်းကျော်စိုးမိုး၊ အသက် ၃၄ နှစ်တို့အား (ပ) ၁၃၇/၂၀၂၅ ပုဒ်မ – ၃၀၂/၁၁၄ ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးထားခြင်းဖြစ်ပြီး ထိုဖြစ်စဥ်အရ ဦးစိုင်းရွှေထီးမှာ တရားရုံးက ပြစ်မှုထင်ရှားရှိကြောင်း စီရင်ကာ ပြစ်ဒဏ်ကျခံရမှသာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်သည်။
