၈. ၁၁. ၂၀၂၅
Written by Thettant
ဆယ်ကျော်သက်အရွယ် နွားကျောင်းသားလူငယ်တစ်ဦး ယမန်နေ့က ထုံးကြီးချောင်းအတွင်း နွားနှင့်အတူ ရေနစ်ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေသော်လည်း မတွေ့ခဲ့ဘဲ ယနေ့ ထပ်မံရှာဖွေမှသာ အလောင်းပြန်တွေ့ခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ၏ ကူညီဆောင်ရွက်ပေးမှုဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆူးလေကုန်းရွာ၊ ထုံးကြီးချောင်းအတွင်း နိုဝင်ဘာ ၇ ရက် နေ့လယ် ၁၁ နာရီအချိန်ခန့်တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး နွားကျောင်းရာမှ ချောင်းအတွင်း နွားနှင့်အတူ ရေနစ်ပျောက်ဆုံးသွားပါသဖြင့် ရေငုပ်ရှာဖွေပေးပါရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)၏ Myanmar Rescue Diver Team သို့ ပျောက်ဆုံးသူ၏ မိသားစုဝင်များက ဆက်သွယ်အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ကော်မတီ) တိုင်းကော်မတီရုံးမှ နိုဝင်ဘာ ၇ ရက်တွင် စတင်ရှာဖွေပေးခဲ့သော်လည်း မတွေ့ရှိသဖြင့် ရှာဖွေမှု ယာယီရပ်နားခဲ့ရသည်။
ထို့နောက် ယနေ့ နိုဝင်ဘာ ၈ ရက်နေ့တွင် ဒုတိယနေ့ရှာဖွေမှု အဖြစ် ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ကာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်မြို့နယ်ရုံး၊ နယ်မြေခံပရဟိတအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများနှင့်အတူ ပူးပေါင်းရှာဖွေခဲ့ရာမှ နံနက် ၁၁ နာရီ ၈ မိနစ်အချိန်တွင် ပျောက်ဆုံးလူငယ်၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်မြို့နယ်ရုံး) ရေငုပ်အဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
“မနက် ၉ နာရီက စရှာတာ ၁၁ နာရီကျော်လောက်မှ ဆူးလေကုန်းရွာနဲ့ မိုင်ဝက်ခန့်အကွာ ရေအောက်က ပြန်တွေ့ခဲ့တာပါ။ လူငယ်ကို တွေ့တော့ ရှာဖွေမှု ရပ်လိုက်ပါတယ်။ အခုကတော့ သေမှုသေခင်းဆိုင်ရာ ဆက်လက်စစ်ဆေးနေပါတယ်” ပါဝင်ကူညီခဲ့သူတစ်ဦးက သိရှိရသည့်အခြေအနေကို ပြောသည်။
သေဆုံးလူငယ်၏ ရုပ်အလောင်းကို မီးအိမ်ရှင်မေတ္တာလူငယ် လူမှုကူညီရေးအသင်း၏ ယာဥ်ဖြင့် ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သိရသည်။









