၇.၁၁.၂၀၂၅
News by NYL
ပန်းခင်းစီမံချက်ကို ဒီဇင်ဘာ ၂၆ ရက်အထိ
ရက်တိုးမြှင့်ဆောင်ရွက်ပေးမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုကတ်ထုတ်ပေးမှုမှာ ယခုအခါ စုစုပေါင်း ၁၁ သန်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
“ပန်းခင်းစီမံချက်ကတော့ အပိုင်း ၁၊ အပိုင်း ၂၊ အပိုင်း ၃ ဆိုပြီးတော့ ဆောင်ရွက်နေတာပါ။ အခုဆိုရင် နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုကတ်ထုတ်ပေးတာ ၁၁ သန်းကျော်သွားပြီ။ ဒါပေမဲ့ သိပ်ပြီးတော့ ဝေးလံခေါင်းပါးတဲ့အရပ်မှာ ကျန်ခဲ့တဲ့၊ နယ်စွန်နယ်ဖျားမှာရှိတဲ့ မိသားစုလေးတွေ အနည်းငယ်ကျန်နိုင်ပါသေးတယ်။ တစ်ချို့လည်း အကြောင်းအမျိုးမျိုးနဲ့ ရုံးကို မလာနိုင်သေးတဲ့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ ရှိပါသေးတယ်။ အဲဒါကြောင့် ပန်းခင်းစီမံကိန်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်အထိ ပန်းခင်းစီမံချက်ကို အချိန်တိုးပြီးတော့မှ နယ်မြေဆင်းပြီးတော့ ဆောင်ရွက်သွားပါမယ်လို့ ကျွန်တော့်အနေနဲ့ ပန်ကြားလိုပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သည့် ပန်းခင်းစီမံချက်သည် အပိုင်း ၁၊ ၂၊ ၃ အဆင့်ဆင့်တိုးမြှင့် ဆောင်ရွက်ခဲ့ရာ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယခင် ကြေညာထားသည်။
ထို့ပြင် လူဝင်လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများတွင် အခက်အခဲရှိပြီး ကြန့်ကြာနေပါက ဝန်ကြီးဌာနရုံးနှင့် Website သို့ အချိန်မရွေးတိုင်ကြားနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
“ကျန်တဲ့လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေမှာ အခက်အခဲရှိတယ်၊ ကြန့်ကြာနေတာရှိရင် အချိန်မရွေး ကျွန်တော်တို့ဝန်ကြီးဌာန Website ၊ ဝန်ကြီးဌာနရုံးကို အချိန်မရွေး အကြောင်းကြပြီးတော့ ဆောင်ရွက်နိုင်တဲ့အကြောင်း သတင်းကောင်းပါးလိုပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
မှတ်ပုံတင်ပြုလုပ်ပေးထားသူများအားလုံးကိုလည်း e-ID ကတ်များထုတ်ပေးလျက်ရှိ၍
ပန်းခင်းစီမံချက်အရ မှတ်ပုံတင်ပြုလုပ်ကြရန် ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
“နိုင်ငံသားကတ်ကတော့ စက္ကူမှတ်ပုံတင်စာရွက်သာဖြစ်တဲ့အတွက် အတုမရှိနိုင်အောင် ကျွန်တော်တို့ e-ID စနစ်နဲ့ e-ID ကတ်တွေ ထုတ်ပေးတာဖြစ်တယ်။ e-ID ကတ်မှာ သူ့ရဲ့ကိုယ်ရေးအချက်အလက်နဲ့ ဇီဝအချက်အလက် အကုန်လုံးကို ယူတာဖြစ်ပါတယ်။ လက်ဗွေနှိပ်တယ်၊ မျက်နှာနဲ့မျက်လုံးကို ဓာတ်ပုံရိုက်တယ်။ အကုန်လုံးကို မှတ်တမ်းတင်ပြီးတော့ ကိုယ်ရေးအချက်အလက်ကို ထည့်သွင်းတာဖြစ်ပါတယ်။ အခုမှတ်ပုံတင်ထုတ်ပေးတဲ့သူ အားလုံးကို e-ID ထုတ်ပေးတာ ဆောင်ရွက်ပေးလျက်ရှိတဲ့အတွက် ဒီဇင်ဘာ ၂၆ ရက်မတိုင် ပန်းခင်းစီမံချက်မှာ အသက် ၁၈ နှစ်ပြည့်တဲ့ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ရှိအောင် ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
