◾️ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အကူအညီကိုရယူကာ ဆက်လက်တိုးတက် ဆောင်ရွက်သွားမည်ကိုပါ အသိပေး
◾️ သယ်ယူပို့ဆောင်ရေးလေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခဲ့ပြီး လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်မည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
၇. ၁၁. ၂၀၂၅
Written by Nyein Kyaw





အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်နှင့်ပြည်သူ ပူးပေါင်းလုပ်ဆောင် ချေမှုန်းမှုကြောင့် တဖြည်းဖြည်းအရေးနိမ့်လာလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ နေပြည်တော်လေတပ်စခန်း၌ ကျင်းပသည့် လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် ပြောကြားသည်။
ယနေ့ တပ်တော်ဝင်အခမ်းအနားတွင် သယ်ယူပိုဆောင်ရေးလေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခဲ့ပြီး လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးချုပ်က ပြောကြားသည်။
၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ ၁၅ နှစ်တာကာလအတွင်း တပ်မတော်ပိုင် လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားများကို ၁၅ ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး လေယာဉ်/ရဟတ်ယာဉ်များ တပ်မတော်(လေ)သို့ အင်အားဖြည့်တင်းပေးနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်(လေ)အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ပြည့်ဝအောင်မြင်စွာ ထမ်းဆောင်နိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေး လေယာဉ်/ရဟတ်ယာဉ်များသည် အရေးပါသည့် လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း၊ တစ်ဖက်တွင် လည်း သယ်ယူပို့ဆောင်ရေး လေယာဉ်/ရဟတ်ယာဉ်များသည် နည်းလမ်းအမျိုးမျိုးဖြင့် အထောက်အကူပြု စွမ်းဆောင်ပေးနိုင်သည်ကို ထင်ရှားစွာ တွေ့မြင်နေရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။






ထို့အပြင် လက်ရှိမိမိတို့ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်ပြီး အနည်းငယ် အသိပေးပြောကြားလိုကြောင်း၊ ပြည်တွင်းပြည်ပ နှောင့်ယှက်စွက်ဖက်မှုအမျိုးမျိုး၊ သပ်လျှိုသွေးခွဲမှုအမျိုးမျိုး၊ ကိုယ်ကျိုးရှာမှုအမျိုးမျိုးတို့ကြောင့် တပ်မတော်အနေဖြင့် မလွှဲသာဘဲ နိုင်ငံတော်တာဝန်များကို ခေတ္တတာဝန်ယူ ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ယခုအခါတိုးတက်ဖြစ်ပေါ်သည့် အခြေအနေများနှင့်အညီ အများပြည်သူ လိုလားတောင့်တချက်ဖြစ်သည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပေးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ရွေးကောက်ပွဲကပေါ်ထွန်းလာမည့် ရွေးကောက်ခံအစိုးရထံ နိုင်ငံတော် တာဝန်များကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွှဲအပ်သွားမည်လည်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းအချို့သည် ၎င်းတို့လိုလားချက်အတိုင်း မဟုတ်သည့်အတွက် ရွေးကောက်ပွဲ မဖြစ်မြောက်စေရန်၊ ပျက်ပြားစေရန် နည်းလမ်းပေါင်းစုံဖြင့် စွက်ဖက်လုပ်ဆောင်ဟန့်တားလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တစ်ဖက်မှလည်း အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်နှင့် ပြည်သူ ပူးပေါင်းလုပ်ဆောင်ချေမှုန်းမှုကြောင့် တဖြည်းဖြည်းအရေးနိမ့်လာလျက်ရှိကြောင်း၊ ၎င်းတို့ ခေတ္တစိုးမိုးထားသည့် နယ်မြေများကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် နိုင်ငံပိုင်လမ်းတံတားအဆောက်အဦများ၊ ပြည်သူလူထု၏ နေအိမ်တိုက်တာနှင့် ပိုင်ဆိုင်မှုများကို သွေးရူးသွေးတန်း တိုက်ခိုက်ဖျက်ဆီး လုယက်ယူဆောင်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထိုသို့ တိုက်ခိုက်ဖျက်ဆီးမှုများကိုဟန့်တားချေမှုန်းရန် အထူးလိုအပ်ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အကူအညီကိုရယူကာ ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ကို အသိပေးပြောကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
