၇.၁၁.၂၀၂၅
Photo & News by NYL
၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီနှင့်လူကိုကြည့်ရမည်ဖြစ်ပြီး ထိုနှစ်ရပ်လုံးကိုကြည့်ပြီးမဲပေးမှ လူမှန်နေရာမှန်ရောက်မည်ဟု ဧရာဝတီတိုင်းဒေသကြီး၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က နိုဝင်ဘာ ၇ ရက်က သတင်းမီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုး သားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမြင့်ကြိုင်သည် လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ” ၂ဝ၂၅ ရွေးကောက်ပွဲမှာ ကျွန်တော့်အယူအဆကတော့ ပါတီကိုလည်းကြည့်ရမယ်။ လူကိုလည်း ကြည့်ရမယ်။ ပါတီကလည်း နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နိုင်တဲ့၊ အစိုးရဖွဲ့စည်းနိုင်တဲ့ ပါတီမျိုးဖြစ်သင့်ပါတယ်။ ပါတီမှာရှိတဲ့သူတွေကလည်း အရည်အချင်းရှိတဲ့၊ ကိုယ့်ရဲ့နယ်မြေလူထု၊ ကိုယ့်ရဲ့နိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့ဥပဒေတွေပြုနိုင်တဲ့၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနည်းလမ်းတွေနဲ့ ပြည်သူလူထုရဲ့ ဝန်ဆောင်မှုကို အကောင်းဆုံးပေးနိုင်တဲ့ အုပ်ချုပ်မှုယန္တရားထဲမှာပါနိုင်အောင် ဥပဒေပြုနိုင်အောင် အရည်အချင်းရှိတဲ့သူတွေကို ပါတီကိုလည်းကြည့်၊ လူကိုလည်း ကြည့်ပြီးမဲပေးမှသာ သင့်တော်ကောင်းမွန်တဲ့ နိုင်ငံတော်ကို ရှင်းရှင်းပြောရင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်နိုင်တဲ့ အစိုးရတစ်ရပ်ပေါ်ထွက်လာမှာဖြစ်တဲ့အတွက် ပါတီကိုလည်း ကြည့်ပါ။ လူကိုလည်း ကြည့်ပါလို့။ ဒီလိုနှစ်ရပ်လုံးကို ကြည့်ပြီး မဲပေးမှ လူမှန်၊ နေရာမှန်ရောက်မယ်ဆိုတာလေးကို ကျွန်တော်အကြံပြုပါတယ် ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနှင့် မဲဆွယ်စည်းရုံးမှု အခြေအနေများကိုလည်း လက်ရှိပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ” မဲဆွယ်စည်းရုံးမှုအနေနဲ့ကတော့ ကျွန်တော်က လက်ရှိလည်း ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေရတယ်။ ရွေးကောက်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ပထမပိုင်း ရက်သတ္တပတ်မှာတော့ ရုံးလုပ်ငန်းတွေလုပ်ရင်းနဲ့ပဲ အွန်လိုင်းကနေပြီးတော့မှ ပြည်သူလူထုတွေသိအောင် ကျွန်တော်တို့ရဲ့ လှုပ်ရှားဆောင်ရွက်နေတဲ့ အနေအထားတွေ၊ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုပေးတဲ့ အနေအထားတွေကို အွန်လိုင်းကနေပဲ ဆောင်ရွက်တာဖြစ်ပါတယ်။ နယ်မြေမှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ ပြည်သူသိအောင်၊ အဓိကကတော့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၁) မှာပါဝင်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ ကျွန်တော်တို့တွေ့ဆုံပြီးတော့မှ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် တရားနည်းလမ်းကျစွာနဲ့ စနစ်တကျယှဉ်ပြိုင်နိုင်အောင်အတွက် ပုသိမ်မှာ၊ ပြည်ခိုင်ဖြိုးရုံးမှာအစည်းအဝေးလုပ်ခဲ့ပါတယ် ” ဟု ဦးမြင့်ကြိုင်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဧရာ၀တီတိုင်းဒေသကြီးရှိ ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်အပါအဝင် အခြားခရိုင်တို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဗဟိုအတွင်းရေးမှူးတို့ တွေ့ဆုံပွဲကို ပုသိမ်မြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းရုံးတွင် နိုဝင်ဘာ ၆ ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးမြင့်ကြိုင်လည်း တက်ရောက်ခဲ့သည်။
ထို့အပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ယှဥ်ပြိုင်မည့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့နယ်တွင် နိုဝင်ဘာ ၇ ရက်၊ နံနက်ပိုင်းတွင် ကျုံးမငေးတိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများနှင့် နယ်လှည့်ဆေးကုသပေးနေသည့်သမားတော်ကြီးများထံ လာရောက်ကုသမှုခံယူသည့် လူနာများကို လှည့်လည်ကြည့်ရှုကာ အားပေးထောက်ပံ့မှုများပြုလုပ်ခြင်း၊ ကျုံမငေးမြို့နယ်တွင် ကျုံမငေးအသင်းတည်ဆောက်ရေးအတွက် အားပေးထောက်ပံ့ခြင်း၊ ကျုံမငေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့ပြီး လူမှုဖူလုံရေးဆေးကုသမှုအဖွဲ့က ဆေးကုသမှုနှင့် ငယ်စဉ်က တက်ရောက်ခဲ့သည့် ကျောင်းများသို့ သွားရောက်ကြည့်ရှုကာ အားပေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျုံးမငေးမြို့က ကျွန်တော်မွေးဖွားခဲ့တဲ့ ဇာတိမြို့၊ မွေးဖွားခဲ့တဲ့မြို့ဖြစ်ပါတယ်။ ကျုံးမငေးမြို့ ပတ်ပတ်လည်မှာရှိတဲ့ ကိုယ့်ရဲ့ ရပ်ဆွေရပ်မျိုးတွေဖြစ်တဲ့ ကိုယ့်နယ်မြေလူထုတွေအတွက်ကို ကျွန်တော်တို့ ဒါတတ်နိုင်သမျှ ဝန်ဆောင်မှုပေးရင်းနဲ့ သူတို့ရဲ့လိုအပ်ချက်တွေ၊ ရွေးကောက်ပွဲမှာ မှတ်ပုံတင်မရှိဘူးဆိုရင် မှတ်ပုံတင်ရရှိရေးအတွက် တတ်နိုင်သမျှ ပံ့ပိုးဆောင်ရွက်ပေးပြီးတော့ ဆေးရုံဆေးခန်းတွေ ဆေးကုသနေတဲ့ ကိုယ့်ရပ်ဆွေရပ်မျိုးတွေကို လိုအပ်တဲ့ စားသောက်ဖွယ်ရာတွေနဲ့ ထောက်ပံ့ပေးပြီးတော့ အားပေးတဲ့လုပ်ငန်းတွေကို လုပ်ပါတယ်။ ကျွန်တော်နေခဲ့တဲ့ ကျောင်းတွေဆိုလည်း လိုအပ်တဲ့ပြုပြင်စရာရှိတာတွေကို ဝိုင်းဝန်းပြီး ကူညီပေးတာတွေ လုပ်ပါတယ်။ ကျုံးမငေးအသင်းက အရင်က ရန်ကုန်မှာပဲရှိတာကို ကျုံးမငေးမှာလည်း ကျုံမငေးအသင်းရှိအောင်လို့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ပေးခဲ့ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ကျုံးမငေးက မြို့နယ်အဆင့်မဟုတ်ဘဲ တိုက်နယ်အဆင့်သာဖြစ်တဲ့အတွက် ကျန်းမာရေးဆိုင်ရာအားနည်ချက်တွေ မဖြစ်ပွားအောင်လို့ သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနရဲ့ အကူအညီ၊ လူမှုဖူလှုံရေးဦးစီးဌာနရဲ့ အကူအညီနဲ့ ကျန်းမာရေးဆောင်ရှောက်မှုရအောင်လို့ ဝိုင်းဝန်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အဓိကကတော့ ကိုယ့်နယ်မြေလူထုကို ဘယ်နေရာကနေ ဝန်ဆောင်မှုပေးနိုင်မလဲဆိုတာကို နယ်မြေကွင်းဆင်းကြည့်ရင်းနဲ့ တတ်နိုင်သလောက် ပံ့ပိုးဆောင်ရွက်သွားဖို့ရည်မှန်းထားပါတယ်” ဟု ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။

၂၀၂၅ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပထမဆုံးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
