၆.၁၁.၂၀၂၅
Writer & Photo – Nay Yaung Lin
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဧရာ၀တီတိုင်းဒေသကြီးရှိ ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်အပါအဝင် အခြားခရိုင်တို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဗဟိုအတွင်းရေးမှူးတို့ တွေ့ဆုံပွဲကို ပုသိမ်မြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းရုံးတွင် နိုဝင်ဘာ ၆ ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ ယင်းပါတီမှ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လူဝင်မှုကြီးရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဧရာ၀တီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်းတို့လည်း တက်ရောက်ခဲ့ကြသည်။




တက်ရောက်လာသည့် ကိုယ်စားလှယ်လောင်းများမှာ ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်အပါအဝင် အခြားခရိုင်များမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း ၉၂ ဦးအနက် ၃၇ ဦး တက်ရောက်ခဲ့သည်။
ဧရာ၀တီတိုင်းဒေသကြီး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်း ” ဒီနေ့တွေ့ဆုံပွဲမှာ အောင်နိုင်ရေးကိစ္စအတွက် ၀ိုင်းဝန်းပြီး ညှိနှိုင်းပြီးတော့ အဖြေရှာကြတယ်။ နောက်တစ်ခုက တွေ့ဆုံတဲ့အခါမှာလည်း အဓိကအားဖြင့်တော့ မှတ်ပုံတင်ပါမှ မဲပေးလို့ရမယ်ဆိုတော့ မှတ်ပုံတင်ရရှိရေးကို ကျန်တဲ့အခက်အခဲ၊ အကျပ်အတည်းလေးကို ဒါကို ကိုယ့်ရဲ့ ပါတီခေါင်းဆောင်တွေကို တင်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုပဲပြောပြော ပြည်သူတွေကို အကျိုးပြုတဲ့လုပ်ငန်းတွေကို အသင်းကြီးပေါ်ပေါက်ကတည်းက စပြီးလုပ်ခဲ့တဲ့အတွက်ကြောင့် ပြည်သူ့တွေရဲ့အကျိုး၊ နိုင်ငံတော်ရဲ့အကျိုးကို မျှော်ကိုးပြီးတော့ အစည်းအဝေးလုပ်ငန်းတွေကို အစည်းအဝေးကာလစတင်ကတည်းက ဆောင်ရွက်နေတယ်။ ပြည်သူတွေက ကိုယ့်ပါတီကို သဘောကျပြီး မဲပေးတဲ့အခါ ကိုယ်စားလှယ်တွေဖြစ်သွားလို့ရှိရင် နိုင်ငံအကျိုးကို ဆောင်ရွယ်မယ်လို့ ဒါလေးပဲ ကျွန်တော်တို့ပြောချင်ပါတယ် “ ဟု အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။




အဆိုပါ အခမ်းအနားတွင် ဦးစွာ မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်းများကို မိတ်ဆက်ခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ရွေးကောက်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ် အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလောင်းဖြစ်ပြီး လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ရွေးကောက်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ် အမှတ်(၂) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလောင်းဖြစ်ပြီး လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယင်းနောက် ဧရာ၀တီတိုင်းဒေသကြီးလွှတ်တော်၊ ရေကြည်မြို့နယ် FPTP မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပြီး လက်ရှိ ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဧရာ၀တီတိုင်းဒေသကြီး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ရှင်းလင်းပြောကြားကာ တက်ရောက်လာသည့် အခြားကိုယ်စားလှယ်လောင်းများကလည်း ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
