၆ .၁၁. ၂၀၂၅
Written by Hey Mar
တိုးဂိတ်ကနေထွက်လာတဲ့ ခရီးသည်တင်ယာဉ်က ဘရိတ်ပေါက်ပြီး လမ်းဘေးမှာရပ်ထားတဲ့ ကုန်တင်ယာဉ်နောက်ပိုင်းကို ဝင်တိုက်မိကာ ခရီးသည်တင်ကားက ယာဉ်မောင်း ကားခေါင်းတွင်း ညပ်ပိတ်မိနေတာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက အသက်ရှင်လျက် ကူညီသယ်ထုတ်နိုင်ခဲ့တဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့က စစ်ကိုင်းမြို့၊ ကံတလူတိုးဂိတ်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ ညနေ ၃ နာရီ ၁၀ မိနစ် အချိန်ခန့်မှာဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ- မန္တလေးလမ်းမကြီး၊ ကံတလူတိုးဂိတ်အထွက်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ အိုးဘို လူမှုကူညီရေးအသင်း တာဝန်ရှိသူက “တိုးဂိတ်ကနေ အထွက်ပေါ့။ ခရီးသည်တင်ကားရှေ့မှာက ကားသုံးစီးရှိတယ်။ သူကလည်း တိုးဂိတ်အထွက် အရှိန်တင်လိုက်တဲ့အချိန် ဘရိတ်ပေါက်တော့ ရှေ့ကားတွေရှောင်ဖို့ ဘေးကိုဆွဲတာမှာ ဘေးမှာရပ်ထားတဲ့ကားကို ဝင်တိုက်တာ။ ခရီးသည်တင်ယာဉ်က ကုန်တွေပဲပါတာ။ ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် နှစ်ဦးပဲ ပါတယ်။ ကားထဲညပ်နေလို့ ခြေသလုံး စုတ်ပြဲ ဒဏ်ရာ၊ လက်မောင်း မှန်ကွဲစရှတဲ့ဒဏ်ရာတွေပဲ ရပါတယ်။ မစိုးရိမ်ရပါဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦးညပ်နေကြောင်း သတင်းအရ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ၊ အိုးဘိုလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၁)စီးနဲ့ အဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး မိနစ် ၄၀ ခန့် အချိန်ယူကာ ကားအတွင်း ညပ်နေတဲ့ ယာဉ်မောင်းအမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရှိပြီး လူနာကို အိုးဘိုလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်နဲ့ စစ်ကိုင်း ကုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးဆီကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
