၆. ၁၁. ၂၀၂၅၆
Translated by Thettant
အစ္စရေးစုံတွဲတစ်တွဲသည် ထိုင်းနိုင်ငံ၊ ကော့ခ်ဖငန်ကျွန်းရှိ ဝမ်ဆိုင်းရေတံခွန်ပေါ်တွင် နေ့ခင်းကြောင်တောင် လိင်ဆက်ဆံခဲ့ခြင်းကြောင့် ခရီးသွားဧည့်သည်များထံမှ ပြင်းထန်သော ရှုတ်ချ တုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က တရားဥပဒေအရ ဖမ်းဆီးအရေးယူမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်ရပ်သည် ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ်၊ ကော့ခ်ဖငန်ကျွန်းရှိ ဝမ်ဆိုင်းရေတံခွန်တွင် နိုဝင်ဘာလ ၄ ရက်နေ့ က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါစုံတွဲသည် အခြားခရီးသွားများ ရှိနေခြင်းကို အလေးမထားဘဲ နေ့ခင်းကြောင်တောင်တွင် လိင်ဆက်ဆံမှု ပြုလုပ်နေသည်ကို ဒေသခံများနှင့် ခရီးသွားများ တွေ့မြင်ခဲ့ရသည်။ အဆိုပါ လိင်ဆက်ဆံမှုမြင်ကွင်းကို အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့သူ ခရီးသွားများသည် ဗီဒီယိုရိုက်ကူး၍ လူမှုမီဒီယာများတွင် မျှဝေခဲ့ရာ လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများနှင့် ထိုင်းနိုင်ငံ၏ ပုံရိပ်အပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဒေသခံများနှင့် ခရီးသွားများက အဆိုပါ စုံတွဲကို ပြစ်တင်ရှုတ်ချမှုများ ပြုလုပ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က လျင်မြန်စွာ အရေးယူခဲ့သည်။ ကော့ခ်ဖငန်ခရိုင် အကြီးအကဲ စူရိယ ဘွန်ဖန်က ဝမ်ဆိုင်းရေတံခွန်ဝယ် လိင်ဆက်ဆံသောစုံတွဲကို ခြေရာခံ ဖော်ထုတ်ပြီး ချက်ချင်းစုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။ ထို့အတွက် တာဝန်ရှိသူများက လိုက်လံရှာဖွေရာ ကျူးလွန်သူစုံတွဲကို ကော့ခ်ဖငန်မြို့နယ်၊ ကျေးရွာအမှတ် (၇) ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေကြောင်း တွေ့ရှိခဲ့သည်။
ထို့အတွက် နိုဝင်ဘာလ ၅ ရက်နေ့ တွင် ခရိုင်နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများ၊ ရဲမှူး ဒုတိယ ဗိုလ်မှူးကြီး သနဖွန် ချက်တန်နှင့် ရဲမှူးကြီး နာရူဝပ် ဖုထဝီရိုတို့ ပူးပေါင်းအဖွဲ့သည် အစ္စရေးအမျိုးသားနှင့် အမျိုးသမီးကို တည်းခိုခန်းမှ ထိန်းသိမ်းခဲ့ပြီး မေးမြန်းစစ်ဆေးရန် ကော့ခ်ဖငန် လူဝင်မှုကြီးကြပ်ရေးရုံးသို့ ခေါ်ဆောင်လာခဲ့သည်။
တာဝန်ရှိသူများ၏ အဆိုအရ ၎င်းတို့နှစ်ဦးစလုံးသည် အွန်လိုင်းတွင် ပျံ့နှံ့နေသော ရေတံခွန်ပေါ် မဖွယ်မရာပြုမူ လိင်ဆက်ဆံနေသည့် ဗီဒီယိုထဲမှ စုံတွဲဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ၎င်းတို့သည် နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းအချိန်ခန့်က ရေတံခွန်၌ လိင်ဆက်ဆံခဲ့ကြောင်းလည်း ဝန်ခံခဲ့ကြသည်။ ထိုသို့ ဝန်ခံပြီးနောက် ရဲတပ်ဖွဲ့က အစ္စရေးခရီးသွားစုံတွဲကို “ကိုယ်ခန္ဓာ ထုတ်ဖော်ပြသခြင်း သို့မဟုတ် ညစ်ညမ်းသော အပြုအမူများဖြင့် အများပြည်သူရှေ့တွင် ရှက်ဖွယ်ကောင်းသော လုပ်ရပ်ကို ပူးပေါင်းကျူးလွန်ခြင်း” ပုဒ်မဖြင့် စွဲချက်တင်ခဲ့သည်။ MGR Online သတင်းဌာန၏ ဖော်ပြချက်အရ အစ္စရေးနိုင်ငံသားစုံတွဲအား တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ရန်အတွက် ကော့ခ်ဖငန် ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ထိုဖြစ်ရပ်အပေါ် ရဲတပ်ဖွဲ့က ထိုသို့သော အပြုအမူသည် ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေကို ချိုးဖောက်ရုံသာမက ဒေသဓလေ့ထုံးတမ်းများကိုပါ စော်ကားခြင်းဖြစ်ပြီး လူသိများသော သဘာဝဆွဲဆောင်မှုနေရာ၏ ပုံရိပ်ကိုပါ ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ ခရီးသွားလာရေး တာဝန်ရှိသူများက ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ဘာသာရေး သို့မဟုတ် အများပြည်သူဆိုင်ရာ နေရာများသို့ လာရောက်လည်ပတ်သည့်အခါ ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့များကို အထူးပြု လေးစားလိုက်နာရန် ဧည့်သည်များအား ကြာမြင့်စွာကတည်းက တိုက်တွန်းခဲ့သည်။ ထိုသို့ တိုက်တွန်းခဲ့သော်လည်း ယခုဖြစ်စဉ်နှင့် အရေးယူရမှုသည် ထိုင်းနိုင်ငံက ခရီးသွားများကို ကြိုဆိုသော်လည်း အခြေခံလူ့ယဉ်ကျေးမှု သိက္ခာဖြင့် ပြုမူနေထိုင်ရန် မျှော်လင့်ထားကြောင်း ထပ်မံသတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။
Ref, The Thaiger
