
၄.၁၁.၂၀၂၅
Written by Hey Mar
ဆရာတော်တစ်ပါး သီတင်းသုံးရာအခန်းအတွင်းမှာ ပုပ်ပွပျံလွန်နေတဲ့ဖြစ်စဉ် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံခရိုင်၊ သင်္ဃန်းကျွန်းကြီးကျေးရွာမှာ ဖြစ်ပွားခဲ့ကြောင်း မနေ့က နိုဝင်ဘာ ၃ ရက်နေ့ ည ၉ နာရီဝန်းကျင်က ရုပ်အလောင်းသွားရောက်သယ်ဆောင်ပေးခဲ့တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
ပျံလွန်တဲ့ ဆရာတော်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စု၊ မြရတနာ ၁၂ လမ်းအတွင်းက ကျောမခင်းကျောင်းတိုက်အနောက်ဘက်ရှိ တစ်ပါးကျောင်းဆောင်မှာ တစ်ပါးတည်းသီတင်းသုံးနေထိုင်တဲ့ ဆရာတော်လို့ သိရပါတယ်။
ဆရာတော်ကို ရွှေပုတီးဆရာတော်လို့ ခေါ်တွင်ပြီး သက်တော် ၅၅ နှစ်အရွယ်လို့လည်း သိရှိရပါတယ်။
ပုလဲ အရန်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူက “ပျံလွန်တာ ၇ ရက်လောက်ရှိပြီလို့ ခန့်မှန်းရပါတယ်။ ဘာကြောင့် ဆိုတာတော့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ သေဆုံးနေတာကို ဆရာတော်ရဲ့ ညီမဖြစ်သူက လာမှ အခန်းထဲက အပုပ်နံ့တွေပါ ထွက်နေလို့ အကူအညီတောင်းရာက သိတာလို့တော့ သိရပါတယ်” လို့ MT News က စုံစမ်းမေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးတာတွေ ပြုလုပ်နိုင်ဖို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှယာဉ်နဲ့ မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။
