သက်တန့်
၄. ၁၁. ၂၀၂၅
ညစ်ညမ်းသိမ်ဖျင်းသည့် ဆဲဆိုစကားလုံးများကို စင်ပေါ်က ရေရွတ်ရင်း ကွန်ဒုံးကြဲချသည့် အဆိုတော် Wink Owens အဖွဲ့မှ Rap အဆိုတော်ကို ဖမ်းဆီးလိုက်ကြောင်း ကနဦးသတင်းများအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်က သုဝဏ္ဏ တွင် ကျင်းပသွားသည့် Overflow Festival Day 2 တွင် စင်ပေါ် ဖျော်ဖြေသည့် Wink Owens နှင့်အဖွဲ့က လိင်ဆက်ဆံရာတွင် ကလေးမယူဘဲ ကွန်ဒုံးသုံးရန်အပါအဝင် လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းစကားလုံးများကို စင်ပေါ်တွင် ဆဲဆိုပြောဆိုကာ ကွန်ဒုံးများကြဲချနေသည်ကို လူမှုကွန်ရက်တွင် ဝေဖန်မှုမြင့်တက်လာပြီးနောက် ပွဲတော်စီစဥ်သည့် Overflow Festival နှင့် Wink Owens တို့က ပြန်လည်တောင်းပန်ခဲ့သော်လည်း ညစ်ညမ်းအောက်တန်းကျစွာ ဆဲရေးမှုအပေါ် လက်မခံသူအများစုက ပြစ်မှုကျူးလွန်ပြီးမှ တောင်းပန်သည်ကို လက်မခံနိုင်ကြောင်း ရေးသားခဲ့ကြသလို Wink Owen တို့ကို ဖမ်းဆီးအရေးယူလိုက်ခြင်းဖြစ်ကြောင်း သတင်းများ ထပ်မံ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Overflow Festival ၏ တောင်းပန်ချက်တွင်လည်း “ပထမဆုံးအနေနဲ့ လတ်တလော ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး Overflow Team ဘက်ကနေ အနူးအညွတ် တောင်းပန်ချင်ပါတယ်။ ဒါဟာ ထင်မှတ်မထားဘဲ ဖြစ်ခဲ့တာဆိုပေမဲ့ လူမှုရေးအရ မသင့်တော်တဲ့စကားတွေ၊ အသုံးအနှုန်းတွေပါသလို ယဉ်ကျေးမှုအရလည်း ရုပ်ဆိုးအကျည်းတန်စေခဲ့တာကြောင့် ဒီလိုကိစ္စမျိုး နောက်နောင် ဘယ်တော့မှ ထပ်မဖြစ်အောင် သေချာ ကြပ်မတ် ဆောင်ရွက်သွားဖို့ ကတိပေးပါတယ်။ ဒီအတွက်ကြောင့် အခုပွဲကနေစလို့ နောက်ပိုင်း ပွဲတွေကနေစပြီး အဆိုတော် Wink နှင့် Bkho Bain ကို Overflow နှင့် လက်တွဲဖြုတ်လိုက်ကြောင်း အသိပေးပါရစေ။ လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တစ်ဦးချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိသလို ကြုံတွေ့ခဲ့တဲ့ အဆင်မပြေမှုတွေအတွက် Overflow Team ကထပ်ဆောင်းတောင်းပန်လိုက်ပါရစေခင်ဗျာ” ဟု ဖော်ပြခဲ့သည်။
ထို့အပေါ် အဆိုတော်သရုပ်ဆောင် ယုန်လေးက ဆဲဆိုသည့်လူငယ်မှာ မန္တလေးကဖြစ်ပြီး မန္တလေးငလျင်တွင် မိသားစု ၉ ယောက်သေထားပြီး အစ်ကိုအရင်းကလည်း ဆွဲကြိုးချသေထားသဖြင့် စိတ်ဂယောက်ဂယက်ဖြစ်နေကြောင်း၊ ထိုသို့ဖြစ်နေသူကို စင်ပေါ် ဖျော်ဖြေခွင့်မပေးသင့်ကြောင်း ရေးခဲ့သလို “ဖမ်းသွားပါပြီ.. မနောက်ဘူး ဖြစ်စေချင်လို့ မဟုတ်ဘူး ။ ဖြစ်နိုင်တာ ပြောပြတာ….”ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။
ကနဦးသတင်းများအရ ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသော်လည်း တရားဝင်မထုတ်ပြန်သေးသဖြင့် မည်သည့်ပုဒ်မဖြင့် ဖမ်းဆီးသည်၊ မည်မျှဖမ်းဆီးသည်ကို မသိရသေးသော်လည်း တရားဝင်ထုတ်ပြန်လာချိန်တွင် ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
