နေမိုး
၂. ၁၁. ၂၀၂၅
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိရာ ယခုလည်း မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ PDF များက ကျောင်းအုပ်ဆရာမကြီး တစ်ဦးနှင့် ကလေးငယ် တစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ငါးဦး တို့အား အကြမ်းဖက် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စက်စက်ယိုကျေးရွာသို့ PDF ၁၀ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ရပ်မိရပ်ဖ ဦးစိန်အောင်(၆၃)နှစ်၊ ဦးထွန်းအေး(၄၈)နှစ်၊ စက်စက်ယိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးဝင်း(၄၅)နှစ်၊ မနွယ်နွယ်ဝင်း(၃၆)နှစ်နှင့် ၎င်း၏ သမီးဖြစ်သူ တစ်နှစ်အရွယ်ရှိ ကလေးငယ် တစ်ဦး တို့အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်၊။
အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် ကလေးငယ် တစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ငါးဦးတို့အား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူများအား ပြန်လည် ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
