◾️လက်ရှိမြင့်တက်နေသော ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည်ပင် ပြီးခဲ့သည့်တစ်လထက် တစ်လီတာလျှင် ကျပ် ၁၂၀ မှ ကျပ် ၂၀၀ အထိ လျော့ကျနေဆဲဖြစ်
၃၁. ၁၀. ၂၀၂၅
Written by Nyein Kyaw
ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း အနည်းငယ် ထပ်မံကျဆင်းခဲ့သော်လည်း အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့မှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် တစ်လီတာလျှင် ကျပ် ၃၀ မှ ကျပ် ၈၀ ခန့်အထိ မြင့်တက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။
စက်တင်ဘာလကုန်ပိုင်းမှစတင်၍ တစ်ဒေါ်လာ ကျပ် ၄၂၀၀ ကျော်အထိ ဖြစ်ပေါ်နေသော ပြည်တွင်း ဒေါ်လာဈေးနှုန်းသည် စက်တင်ဘာလကုန်ပိုင်းမှစတင်၍ တစ်ဒေါ်လာ ကျပ် ၄၁၀၀ အောက်သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်း ထပ်မံကျဆင်းခဲ့ရာ ယနေ့တွင် တစ်ဒေါ်လာကို ရောင်းဈေး ကျပ် ၄၀၆၀ နှင့် ဝယ်ဈေး ကျပ် ၃၉၆၀ အထိ ထပ်မံကျဆင်းခဲ့သည်။

သို့သော်လည်း ကမ္ဘာ့ရေနံဈေး (WTI) ဈေးနှုန်းသည် ယခု အောက်တိုဘာလအလယ်တွင် တစ်စည်လျှင် ၅၇ ဒေါ်လာနီးပါးသာရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း အနည်းငယ်မြင့်တက်လာခဲ့၍ လက်ရှိတွင် တစ်စည်လျှင် ၆၁ ဒေါ်လာနီးပါးသို့ မြင့်တက်လာမှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း အနည်းငယ်မြင့်တက်လာခဲ့သည်။
ထို့ကြောင့် ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း ထပ်မံကျဆင်းနေသော်လည်း စက်သုံးဆီဈေးနှုန်းသည် အနည်းငယ်မြင့်နေခြင်းဖြစ်ပြီး စက်သုံးဆီအမျိုးအစားအပေါ် မူတည်၍ တစ်လီတာလျှင် ကျပ် ၃၀ မှ ကျပ် ၈၀ ခန့်အထိ မြင့်တက်လာသည်ကို တွေ့ရှိရသည်။
ယင်းကဲ့သို့ ယခုရက်ပိုင်းအတွင်း ပြည်တွင်း စက်သုံးဆီဈေးနှုန်း အနည်းငယ် မြင့်တက်လာသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်း (တစ်လအတွင်း) နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီတစ်လီတာ ကျပ် ၁၈၀ မှ ၂၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁၂၀ မှ ၁၈၀ အထိ လျော့ကျသက်သာနေဆဲဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်တွင် ပြည်တွင်း၌ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၉၂၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၉၈၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၈၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၃၁၇၅ ကျပ် ဖြစ်ပေါ်ခဲ့သည်။
ယနေ့တွင် ပြည်တွင်း၌ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၇၀၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၈၀၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၅၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၉၉၀ ကျပ်သာ ဖြစ်ပေါ်နေပြီး ဓာတ်ဆီတစ်လီတာ ကျပ် ၁၈၀ မှ ၂၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁၂၀ မှ ၁၈၀ အထိ လျော့ကျသက်သာနေဆဲဖြစ်သည်။
