၃၁. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ မူအန်းခရိုင်ရှိ ဘန်းဖရာငွေကောက်ခံရေးဂိတ်တွင် ယနေ့ ကြာသပတေးနေ့ ညနေပိုင်းက ဘူရဖာတက္ကသိုလ်ဘတ်စ်ကား နှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ရာမှ ဘတ်စ်ကားမောင်းသူတစ်ဦး သေဆုံးပြီး ဘူရဖာတက္ကသိုလ်ကျောင်းသား ၄၁ ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ဘတ်စ်ကားနှစ်စီးပေါ်တွင် စုစုပေါင်း ကျောင်းသားကျောင်းသူ ၇၀ ဦး လိုက်ပါလာခဲ့သည်ဟုလည်း သိရသည်။

ယာဥ်တိုက်မှုမှာ ကျောင်းသား ၃၅ ဦး တင်ဆောင်လာသည့် နောက်ဘက်မှ လိုက်ပါလာသော ကျောင်းကားက ရှေ့ရှိ ဘတ်စ်ကားကို အရှိန်ပြင်းစွာဖြင့် ဝင်တိုက်မိခြင်း ဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့များက ဖြစ်စဥ်နေရာသို့ အလျင်အမြန်ရောက်ရှိလာကာ ဒဏ်ရာရရှိသူ စုစုပေါင်း ၄၁ ဦးကို ရှေးဦးသူနာပြုစုပြီး ချွန်ဘူရီဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သည်။ ဒဏ်ရာရရှိသူများမှာ ကျောင်းသူ ၃၆ ဦးနှင့် ကျောင်းသား ၅ ဦးတို့ ဖြစ်သည်။ ဝင်တိုက်သည့် အနောက်ဘက် ဘတ်စ်ကားမောင်းသူမှာ ဆူချတ် ဆိုသူဖြစ်ပြီး ၎င်းမှာ သေဆုံးသွားခဲ့သည်။

ဖြစ်စဥ်အပေါ် အရှေ့ကျောင်းကားကို မောင်းနှင်သူ စွန်တာယာ ဖူထာပွမ်က ၎င်းအခွန်ဆောင်နေစဉ် နောက်ဘက်ကားမောင်းသူက ဘရိတ်ပျက်သွားကြောင်း အချက်ပြခဲ့ပြီးနောက် ၎င်း၏ကားနောက်ပိုင်းကို အရှိန်ပြင်းစွာဖြင့် ဝင်တိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့သို့ သက်သေခံခဲ့သည်။ ရဲတပ်ဖွဲ့သည် ဤဆိုးရွားသော မတော်တဆမှု၏ အတိအကျ အကြောင်းရင်းကို ဆုံးဖြတ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများကို တောင်းခံနေပြီး၊ ရှေ့ကားမောင်းသူ စွန်တာယာကိုလည်း အသေးစိတ် စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Ref, Khaosod
