၃၁. ၁၀. ၂၀၂၅
Written by Nyein Kyaw
အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးကြေညာထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၆၃ ခုကို ရက်ပေါင်း ၉၀ ထပ်မံ သက်တမ်းတိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်၍ ယင်းအမိန့်တွင် ဖော်ပြပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်များအား အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်သည်။
ယင်းအမိန့်သည် ယနေ့မှစ၍ နောက်ထပ်ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၃ /၂၀၂၅) ဖြင့် ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။




ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၁/၂၀၂၅) နှင့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ( ၂ /၂၀၂၅) တို့သည် ဆက်လက်အတည်ဖြစ်ကြောင်း စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၃ /၂၀၂၅) ဖြင့် ယနေ့တွင် ထုတ်ပြန်ထားသည်။
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုရှိ မြို့နယ် ၆၃ ခုကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားခြင်းဖြစ်သည်။





အဆိုပါ ဒေသများမှာ ကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်မြို့နယ်၊ ရွှေကူမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်။ ကယားပြည်နယ်မှ ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်။ ကရင်ပြည်နယ်မှ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်။ ချင်းပြည်နယ်မှ ကန်ပက်လက်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ တွန်းဇံမြို့နယ်၊မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ဖလမ်းမြို့နယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ပုလဲမြို့နယ်၊ အင်းတော်မြို့နယ်။ မကွေးတိုင်းဒေသကြီးမှ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ရေစကြိုမြို့နယ်။ မန္တလေးတိုင်းဒေသကြီးမှမိုးကုတ်မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ ငါန်းဇွန်မြို့နယ်။ ရခိုင်ပြည်နယ်မှ ရမ်းဗြဲမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်။ ရှမ်းပြည်နယ်မှ နမ္မတူမြို့နယ်၊ မဘိမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သိန္နီမြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ဟိုပန်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ မိုးမိတ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊သီပေါမြို့နယ်နှင့် မိုင်းလားမြို့နယ်တို့ဖြစ်သည်။
