၂၉. ၁၀. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲ အသိပညာပေး “ခေတ်သမိုင်းကိုဒုန်းဆိုင်းမည့်သူများ” ဆိုသည့် ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်ပြီး ခြိမ်းခြောက်ဝေဖန်နေသူများအား ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ယူစဉ်ကာလကတည်းက ယခင်အစိုးရက ဆောင်ရွက်ခဲ့သည့် မဲမသမာမှုများကြောင့် နိုင်ငံတော်တာဝန်ယူခဲ့ရခြင်းဖြစ်ကြောင်းနှင့် အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များတွင် ပြည်သူလူထု လိုလားတောင်းတသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားမည်ဆိုသည်ကို အမြဲတမ်းဦးတည်ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ကို တရားဝင်ကြေညာခဲ့ပြီးဖြစ်ပြီး ယင်းကဲ့သို့ ကျင်းပရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လှုံ့ဆော်မှုများ၊ ပညာပေးမှုများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆောင်ရွက်သည့်နေရာတွင် “ခေတ်သမိုင်းကိုဒုန်းဆိုင်းမည့်သူများ” ဆိုသည့် ရွေးကောက်ပွဲ အသိပညာပေး ဇာတ်လမ်းကို အနုပညာရှင်ပေါင်း မြောက်မြားစွာပါဝင်ပြီး ရိုက်ကူးခဲ့ရာ ယင်းကဲ့သို့ ရိုက်ကူးခဲ့ရာတွင် ဖြစ်ရပ်မှန်များကိုအခြေခံထားပြီး ပြည်သူလူထုကို ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန်အတွက် ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒီလို ဦးတည်ဆောက်ရွက်ခဲ့တဲ့နေရာမှာလည်း ဒီမိုကရေစီကို လိုလားပါတယ်ဆိုပြီး အကြမ်းဖက်လုပ်နေတဲ့သူတွေ ဒီမိုကရေစီကို လိုလားပါတယ်ဆိုပြီး မဲလိမ်၊ မဲခိုးမှုတွေကို အားပေးခဲ့တဲ့သူတွေအတွက်ကတော့ အမှန်ကိုအမှန်အတိုင်း ထုတ်ဖော်ပြတာဖြစ်တဲ့အတွက် အနာအပေါ်တုတ်ကျသလိုတော့ ဖြစ်ကောင်းဖြစ်မှာပေါ့။ ဒါကြောင့်မို့လိုလည်း ဒါတွေနဲ့ပတ်သက်ပြီး ပရမ်းပတာ ပြောဆိုမှုတွေ၊ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိလာတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ခေတ်သမိုင်းကို ဒုန်းဆိုင်းမည့်သူများ ရွေးကောက်ပွဲ အသိပညာပေးဇာတ်လမ်းကို ပြည်သူလူထုရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးမှာ ပါဝင်ကူညီပေးကြတဲ့ အဲဒီအသိပညာပေး ဇာတ်လမ်းကို ပါဝင်ရိုက်ကူးပေးကြတဲ့ အနုပညာရှင်များ ပါဝင်ပံ့ပိုးပေးကြတဲ့သူများကို အားလုံးကျေးဇူးတင်ကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်။ ဒါ့အပြင် ခြိမ်းခြောက်နေတဲ့သူတွေ၊ ဒါနဲ့ပတ်သက်ပြီးတော့ ဝေဖန်နေတဲ့သူတွေနဲ့ ပတ်သက်ပြီး ထိရောက်ပြင်းထန်စွာ အရေးယူသွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲအသိပညာပေး ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်ပြီး ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ခဲ့သည့် ဒါရိုက်တာမိုက်တီး (ခ) သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခ) ကျော်မင်းထွဋ်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်း (ခ) ဇော်မြင့်တို့ကို ဖမ်းဆီးအရေးယူထားပြီးဖြစ်သည်။

“အဲဒီထဲမှာ ဒါရိုက်တာမိုက်တီးကတော့ ဒါယခင်ကတည်းကတိုင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်လှစ်ခံရခြင်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် အခုကျခံနေရသော ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟု စည်းကမ်းချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်း သာခွင့် ရခဲ့တဲ့သူဖြစ်ပါတယ်။ သူ့ကို ကျွန်တော်တို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူထားပြီး ယခင်ပြစ်ဒဏ်ကိုလည်း ပြန်လည်ကျခံစေရေး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျော်ဝင်းထွဋ် (ခ) ကျော်မင်းထွဋ်၊ အုန်းဒိုင်း (ခ) ဇော်မြင့်တို့ နှစ်ဦးကိုလည်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ ထိရောက်ပြင်းထန်စွာ အရေးယူသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
