၂၉. ၁၀. ၂၀၂၅
Written by Nyein Kyaw
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂၀၂၅ ခုနှစ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာခန်းမ၌ ဆင်ယင်ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြသည်။





တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ သောက်တော်ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကထိန်ခံ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကန်ဦးကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသထံ ကထိန်လျာသင်္ကန်းကို လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။







ဆက်လက်၍ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးတို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည့်။
ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၅ ခုနှစ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံး၊ ဌာနအသီးသီးမှ ပဒေသာပင် စုစုပေါင်း ၉၀ ၊ ပစ္စည်းတန်ဖိုးငွေကျပ် ၁၇၀,၈၄၀,၈၁၀ နှင့် ငွေသားတန်ဖိုးငွေကျပ် ၁၂၅,၀၅၃,၄၅၀ ဖြစ်သဖြင့် စုစုပေါင်း တန်ဖိုး ငွေကျပ် ၂၉၅,၈၉၄,၂၆၀ ကို လှူဒါန်းခဲ့ကြပြီး သက်ဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းအသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်လှူဒါန်းခဲ့ကြသည်။
