◾️ ဖမ်းဝရမ်းထုတ်ဆင့်လိုက်သော တရားခံများတွင် စင်ကာပူနိုင်ငံသား ၂၇ ဦးနှင့် မလေးရှားနိုင်ငံသား ၇ ဦး ပါဝင်ပြီး အနည်းဆုံး စင်ကာပူဒေါ်လာ ၄၁ သန်း ဆုံးရှုံးခဲ့ရသည့် အမှုပေါင်း ၄၃၈ မှုအတွက် တာဝန်ရှိသည် ယူဆ
၂၉. ၁၀. ၂၀၂၅
Translated by Tha Doe
ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ဂိုဏ်းတစ်ခု၌ ပါဝင်ပတ်သက်နေသော စင်ကာပူနိုင်ငံသား ၂၇ ဦးနှင့် မလေးရှားနိုင်ငံသား ၇ ဦး စုစုပေါင်း ၃၄ ဦး ကို စင်ကာပူရဲတပ်ဖွဲ့ (SPF) က ယနေ့တွင် ဖမ်းဝရမ်းထုတ်ဆင့် ကြေညာခဲ့သည်။
အဆိုပါဂိုဏ်းသည် စင်ကာပူနိုင်ငံသားများကို အစိုးရအရာရှိအယောင်ဆောင် အွန်လိုင်း လိမ်လည်မှုများဖြင့် ပစ်မှတ်ထားသည်ဟု SPF က ယနေ့ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၉ ရက်) တွင် မီဒီယာထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
၎င်းတို့သည် အနည်းဆုံး စင်ကာပူဒေါ်လာ ၄၁ သန်း (အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၇ သန်း) ဆုံးရှုံးခဲ့ရသည့် အမှုပေါင်း ၄၃၈ မှု အတွက် တာဝန်ရှိသည်ဟု ယူဆရကြောင်းလည်း SPF က ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါ သံသယရှိသူ ၃၄ ဦးသည် လက်ရှိတွင် စင်ကာပူနိုင်ငံပြင်ပ၌ ရောက်ရှိနေသည်။ ၎င်းတို့ကို ခြေရာခံဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် SPF သည် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများအပြင် အင်တာပိုလ် (Interpol) နှင့်ပါ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် SPF က ကမ္ဘောဒီးယားအမျိုးသားရဲတပ်ဖွဲ့နှင့် ပူးတွဲစစ်ဆင်ရေးပြုလုပ်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ အွန်လိုင်းလိမ်လည်မှုစခန်းတစ်ခု၌ လည်ပတ်နေသည်ဟု ယူဆရသည့် အဖွဲ့တစ်ဖွဲ့ကို ဖော်ထုတ်နိုင်ခဲ့သည်။
ကမ္ဘောဒီးယားတွင် စစ်ဆေး အရေးယူမှုများ ပြုလုပ်ပြီးနောက် စင်ကာပူနိုင်ငံသား ၁၂ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး စုစုပေါင်း ၁၅ ဦးတို့ကို စင်ကာပူ၌ ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ကို စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် “ကမ္ဘောဒီးယား၌ အခြေစိုက်ပြီး စင်ကာပူနိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်နေသော ရာဇဝတ်ဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်သည့်အတွက် စင်ကာပူနိုင်ငံ၏ ဖွဲ့စည်းမှုရှိသော ရာဇဝတ်မှုဥပဒေ (Organised Crime Act) အရ စွဲချက်တင်ခဲ့သည်။
ထို့အပြင် စင်ကာပူရဲတပ်ဖွဲ့က “ကမ္ဘောဒီးယားတွင် ထပ်မံစုံစမ်းစစ်ဆေးမှုများနှင့် သက်သေအထောက်အထားများ စုဆောင်းခြင်းမှတစ်ဆင့် SPF သည် အဆိုပါ ရာဇ၀တ်ဂိုဏ်း၏ အဖွဲ့ဝင်များဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ အလားတူ လိမ်လည်မှုစခန်းတစ်ခုတွင် လုပ်ကိုင်နေသည်ဟု ယူဆရသော စင်ကာပူနိုင်ငံသား ၂၇ ဦးနှင့် မလေးရှားနိုင်ငံသား ၇ ဦးကို ထပ်မံဖော်ထုတ်နိုင်ခဲ့သည်” ဟု ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က “SPF သည် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ လုပ်ကိုင်ပြီး စင်ကာပူနိုင်ငံကို ပစ်မှတ်ထားသော ရာဇ၀တ်သားများကို ဖမ်းဆီးရန် မည်သည့်အားထုတ်မှုကိုမှ ချန်လှပ်ထားမည်မဟုတ်” ဟုလည်း ပြောကြားခဲ့သည်။
၎င်းတို့၏ တည်နေရာနှင့်ပတ်သက်၍ သတင်းအချက်အလက်ရှိသူများသည် SPF ၏ ဖုန်းနံပါတ် 1800-255-0000 သို့မဟုတ် ပြည်ပမှခေါ်ဆိုပါက +65 6255 0000 သို့ ဆက်သွယ်နိုင်ကြောင်းနှင့် အွန်လိုင်းမှတစ်ဆင့်လည်း သတင်းပေးပို့နိုင်ကြောင်း ကြေညာထားပြီး ရရှိသော သတင်းအချက်အလက်အားလုံးကိုလျှို့ဝှက်ထားရှိမည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref , CNA
