၂၈. ၁၀. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောက်ရွက်နေသကဲ့သို့ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းက ပြောကြားသည်။
ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်)၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ဝန်ထမ်းများတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
မကြာမီအချိန်တွင်လည်း လက်ရှိထုတ်လုပ်နေမှုများမှ ထပ်မံတိုးချဲ့ ထုတ်လုပ်နိုင်ရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှုအပိုင်းတွင်လည်း တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားစနစ်ရရှိရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံးမှ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဓာတ်အားခကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး စနစ်တကျ ကောက်ခံသွားရန်နှင့် ဓာတ်အားခကြွေးကျန်များကိုလည်း ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မိမိတို့မြို့နယ်များအတွင်း တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများမရှိစေရေး ပုံမှန်စစ်ဆေးခြင်းအပြင် ရှောင်တခင်စစ်ဆေးရေးအဖွဲ့များဖြင့် Spot Check၊ Cross Check၊ Counter Check နှင့် Surprise Check စစ်ဆေးခြင်းများကို အဖွဲ့ဖွဲ့၍ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားခကောက်ခံရရငွေများ အလွဲသုံးစားမှုများ မဖြစ်စေရေး၊ မီတာဖတ်ရှုမှုအား မှန်ကန်စွာဖတ်ရှုသွားနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
