နေမိုး
၂၈. ၁၀. ၂၀၂၅
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ယခုလည်း တံတားဦးမြို့နယ်တွင် PDF များက အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား သတင်းပေး၊ ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နှစ်ဦးအား အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားမှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျီးအိပ်ကျေးရွာနေ ဦးရဲဝဏ္ဏသူ (၃၁) နှစ်သည် တံတားဦးမြို့နယ်၊ လက်ဆောင်ယူကျေးရွာနေ ၎င်း၏ဆွေမျိုးတော်စပ်သည့် ဒေါ်ထက်ထက်ဝင်း (၃၀)နှစ်နှင့် ကိုငြိမ်းချမ်းဝင်း(၂၅)နှစ်တို့၏နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး/ဒလန်” ဟု စွပ်စွဲပြောဆို၍ ဦးရဲဝဏ္ဏသူအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဒေါ်ထက်ထက်ဝင်းနှင့် ကိုငြိမ်းချမ်းဝင်းတို့ နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
