၂၈.၁၀.၂၀၂၅
Translated by Htwe Ko Tun
ရုရှားသမ္မတဗလာဒီမာပူတင်ကို မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးချိုဆန်ဟူးဟာ အောက်တိုဘာလ ၂၇ ရက်က မော်စကိုမြို့ ကရင်မလင်နန်းတော်မှာ တွေ့ဆုံနှုတ်ဆက်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာရေးကို ဆွေးနွေးခဲ့ကြတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က အောက်တိုဘာလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
KCNA က သူတို့နှစ်ဦးရဲ့ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးကို အဆက်မပြတ် ခိုင်မာအောင် ဖွံ့ဖြိုးတိုးတက်စေမယ့် အနာဂတ်စီမံကိန်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ ချိုက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အနေနဲ့ ပူတင်အပေါ် ညီအစ်ကိုရင်းချာလိုပဲ သဘောထားတယ်ဆိုတာကိုလည်း ပူတင်ကို ပြောကြားခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက ရုရှားကို တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကြီးတွေ ထောက်ပံ့ပေးနေသလို အပြန်အလှန်အနေနဲ့ ရုရှားကလည်း စစ်ရေးနည်းပညာအကူအညီပေးနေချိန်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်မှုတွေ တိုးပွားလာနေချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ် ပေါ်ပေါက်လာတာပါ။
ချိုဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလပ်ဗ်ရော့ဗ်နဲ့လည်း အောက်တိုဘာလ ၂၇ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကမ္ဘာ့ရေးရာတွေအပေါ် မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေအတွင်း အချက်အားလုံးမှာ သဘောတူညီမှု ရရှိခဲ့တယ်လို့ KCNA က ပြောပါတယ်။
ချိုက လပ်ဗ်ရော့ဗ်နဲ့ ဆွေးနွေးမှုတွေအတွင်း ယူကရိန်းပဋိပက္ခရဲ့ အရင်းအမြစ်ကို ဖယ်ရှားဖို့ ရုရှားရဲ့ ဆောင်ရွက်ချက်တွေကို မြောက်ကိုရီးယားဘက်က ထောက်ခံတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရုရှားဘက်က မြောက်ကိုရီးယားရဲ့ လုံခြုံရေးအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာပိုင် အခွင့်အရေးတွေကို ကာကွယ်ဖို့ ကြိုးပမ်းမှုတွေကို ထောက်ခံတယ်လို့ ဖော်ပြခဲ့တယ်လို့ KCNA က ဆက်လက်ပြောခဲ့ပါတယ်။
Ref- SCMP
