ပုံစာ။ PDF လက်တွင်းမှ လွတ်မြောက်လာသည်ဆိုသည့် လုံခြုံရေးတပ်ဖွဲ့များပုံရိပ်(Photo - Credit)
နေမိုး
၂၇. ၁၀. ၂၀၂၅
အင်းတော်မြို့သိမ်းတိုက်ပွဲအပြီးတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံ့ဝန်ထမ်းများအနက် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦးက PDF များလက်မှ အောက်တိုဘာ ၂၅ ရက်က ထွက်ပြေးလွတ်မြောက်သွားသည်ဟု PDF ထောက်ပို့များဖော်ပြမှုနှင့် ဒေသတွင်း သတင်းများအရ သိရသည်။

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့၊ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး NUG ၏ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှားတပ်ခွဲ၊ အမှတ် (၁) အထူးတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ရွှေဘိုခရိုင် အမှတ် (၆၊ ၉၊ ၁၂) တပ်ရင်းများ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၃၊ ၅၊ ၈၊ ၁၀၊ ၁၇) တပ်ရင်းများ၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊ မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ စစ်ကိုင်းတိုင်းပကဖ လက်နက်ကြီးတပ်ဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့တို့က သာလွန်အင်အားဖြင့် ပူးပေါင်းပါဝင်ခဲ့အပြီး နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ ဖမ်းဆီးခံထားရသူများမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး လွတ်မြောက်လာမှုအပေါ် Indaw Revolution – IR က “ကြားရတဲ့သတင်းကလည်း စိတ်မကောင်းပါဘူး။ အင်းတော်မြို့သိမ်းတုန်းက ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေထဲက ၁၃ ဦး ထွက်ပြေးသွားတယ်တဲ့။ အစောင့် ရဲဘော်(၃) ယောက်ကို တိုင်မှာ ကြိုးချည်ထားပြီး ထွက်ပြေးတာ သေနတ်(၃)လက်ပါ ပါသွားတယ်ဆိုပဲဗျာ။ ထွက်ပြေးသွားတဲ့ထဲမှာ စကမ တပ်ရင်းမှူး၊ စိတ်မှူး၊ ခွဲမှူးတွေအပြင် မြို့နယ်မှူး မောင်မောင်လှတင့်နဲ့ စကမရဲ့အကြီးစားထောက်တိုင် အောင်မြင့်နိုင်ပါ ပါသွားတယ်တဲ့” ဟု ယမန်နေ့က ရေးသားဖော်ပြခဲ့သည်။
ထွက်ပြေးလွတ်မြောက်သွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အဖွဲ့ ၂၀ ကျော်က တောနင်းရှာဖွေနေကြသော်လည်း မြို့နယ်မှူးတစ်ဦးသာ ပြန်လည်ဖမ်းမိသည်ဟုဆိုပြီး ကျန်သူများ လွတ်မြောက်နေဆဲဖြစ်သည်ဟုလည်း သိရသည်။
သို့သော် PDF များလက်တွင်မူ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသည့် အပြစ်မဲ့သော လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းအများအပြားမှာ စစ်သုံပန်းအမည်တပ်၍ ဖမ်းဆီးခံထားရဆဲဖြစ်သည်။
ပုံစာ။ PDF လက်တွင်းမှ လွတ်မြောက်လာသည်ဆိုသည့် လုံခြုံရေးတပ်ဖွဲ့များပုံရိပ်(Photo – Credit)
