နေမိုး
၂၇. ၁၀. ၂၀၂၅
NUG ဩဇာခံ PDF များက ပြည်သူများသွားလာရာ လမ်းပေါ် ထောင်ထားသည့် မိုင်းကို စက်ဘီးနင်းလာသူတစ်ဦး ဝင်တိုက်မိရာက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စက်ဘီးစီးလာသူ မိုင်းစထိမှန် သေဆုံးမှု ရွှေဘိုမြို့တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက် နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အောက်တိုဘာ ၂၄ ရက် ည ၉ နာရီတွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်နေ ကိုဇော်မျိုးထွန်း(၂၇)နှစ်သည် အမှတ်(၄)ရပ်ကွက်မှ မင်းကုန်းကျေးရွာသို့ စက်ဘီးဖြင့် ထွက်ခွာလာစဉ် မင်းကုန်းကျေးရွာအနီးအရောက် PDF အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုနေ့ညတွင်ပင် PDF များက ရာအိမ်မှူးတစ်ဦးကို သတ်ဖြတ်လိုက်မှုဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်မှာမူ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆင်ချီတိုင်ကျေးရွာနေ ရာအိမ်မှူး ဦးအောင်ရွှေ(၄၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး “ဒလန်” ဟု ပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
