၂၇.၁၀.၂၀၂၅
Translated by Htwe Ko Tun
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ အောက်တိုဘာလ ၂၆ ရက်က ကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်မှုပြုနေစဉ်မှာပဲ မလေးရှားရေဒီယိုနဲ့ရုပ်မြင်သံကြားအသံလွှင့်ဌာန RTM က အာဆီယံ အဖွဲ့ဝင်နိုင်ငံ သုံးနိုင်ငံက ခေါင်းဆောင်တွေရဲ့ အမည်တွေကို မှားယွင်းထုတ်လွှင့်မှုတွေပြုခဲ့လို့ တောင်းပန်ရမှုတွေပြုခဲ့ရတယ်လို့ သိရပါတယ်။
RTM က အာဆီယံအဖွဲ့ဝင်သုံးနိုင်ငံဖြစ်တဲ့ စင်ကာပူ၊ ထိုင်းလင်းနဲ့ အင်ဒိုနီးရှားတို့မှ ခေါင်းဆောင်တွေရဲ့ အမည်တွေကို မှားယွင်းပြောကြားခဲ့တာလို့ ဆိုပါတယ်။ မလေးရှားနိုင်ငံမှာ RTM က လူမှုကွန်ရက် Facebook ကနေ တောင်းပန်မှုတွေပြုလုပ်ကာ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
RTM က ကြေညာချက်တစ်ခုမှာ သူ့ရဲ့အသံလွှင့်သူအနေနဲ့ စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်အစား သူ့မတိုင်ခင်က ဝန်ကြီးချုပ်ဟောင်း မစ္စတာ လီရှန်လွန်းရဲ့ အမည်ကို ပြောကြားမိခဲ့တဲ့အတွက် တောင်းပန်မှုပြုခဲ့ပါတယ်။
ဒါ့ပြင် RTM ရဲ့ တင်ဆက်ကြေညာသူက လက်ရှိထိုင်းဝန်ကြီးချုပ် အနျူတင် ချမ်ဗီရာကူလ် အစား ၂၀၂၄ ခုနှစ်က ရာထူးမှဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဆရက်သာ သာဗီဆင်လို့ပြောကြားမိခဲ့ပြန်ပါတယ်။
အောက်တိုဘာလ ၂၆ ရက်မှာပဲ ဒီမတိုင်ခင်မှာ RTM တင်ဆက်သူက အင်ဒိုနီးရှားသမ္မတ ပရာဗိုဝို ဆူဘီယန်တို အစား အရင်သမ္မတ ဂျိုကို ဝီဒိုဒိုလို့ မှားယွင်းပြောကြားခဲ့သေးတယ်လို့ သိရပါတယ်။
RTM ကတော့ သတင်းဌာနအနေနဲ့ ဒီဖြစ်ရပ်တွေအတွက် အလေးအနက်သုံးသပ်နေပြီး သင့်တော်သလို အရေးယူဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။ သူက မှားယွင်းပြောကြားမိတဲ့ သက်ဆိုင်ရာနိုင်ငံတွေက လက်ရှိခေါင်းဆောင်တွေ၊ အစိုးရတွေနဲ့ သက်ဆိုင်ရာပါတီတွေကိုလည်းတောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
Ref-CNA
