နေမိုး
၂၇. ၁၀. ၂၀၂၅
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်နည်းဥပဒေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က အောက်တိုဘာ ၂၆ ရက်တွင် အသိပေးထုတ်ပြန်လိုက်ပြီး အဆိုပါ ပြင်ဆင်ချက်အရ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ မဲဆွယ်အသုံးစရိတ်များကို တိုးမြှင့်အသုံးပြုနိုင်မည်ဖြစ်သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်း ဥပဒေများ အခန်း(၄) တွင် ပါဝင်သော ပါတီရန်ပုံငွေ ငွေကြေးပစ္စည်းများ ထိန်းသိမ်းခြင်း သုံးစွဲခြင်းအခန်း၊ ပုဒ်မ(၂၁) သည် “ပါတီတစ်ခုသည် အထွေထွေရွေးကောက်ပွဲ၌ဖြစ်စေ၊ ကြားဖြတ်ရွေးကောက်ပွဲ ၌ဖြစ်စေ ရွေးကောက်ပွဲအသုံးစရိတ်ငွေကို မိမိပါတီအားကိုယ်စားပြု၍ ရွေးကောက်ခံသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် ငွေကျပ် သိန်း ၁၅၀ အထိလည်းကောင်း၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် ငွေကျပ်သိန်း ၃၀၀ အထိလည်းကောင်း သုံးစွဲနိုင်သည်။ အဆိုပါ ရွေးကောက်ပွဲအသုံးစရိတ်ငွေကို ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း၏ တရားဝင်ရရှိသောငွေမှလည်းကောင်း၊ တရားဝင်ရရှိထားသည့် ပါတီရန်ပုံငွေမှလည်းကောင်း ကျခံသုံးစွဲနိုင်သည်။ ယင်းအသုံးစရိတ်စာရင်းများကို စနစ်တကျ ပြုစုထိန်းသိမ်းထားရှိရမည်။”ဟု ပြဌာန်းထားပြီး အဆိုပါ ပြဌာန်းချက်ပါ ငွေကျပ်သိန်း (၁၅၀) ဆိုသည့် စကားရပ်အစား ငွေကျပ် သိန်း(၃၀၀) သို့လည်းကောင်း၊ ငွေကျပ်သိန်း (၃၀၀) ဆိုသည့် စကားရပ်အစား ငွေကျပ်သိန်း (၅၀၀)ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုး ပြင်ဆင်လိုက်ခြင်းဖြစ်သည်။



ထိုသို့ ပြင်ဆင်လိုက်မှုအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် ရွေးကောက်ပွဲအသုံးစရိတ်ကို ကျပ်သိန်း (၃၀၀)ထိ တိုးမြှင့်သုံးစွဲနိုင်မည်ဖြစ်သလို တိုင်းရင်းသားလူမျိုးဝန်ကြီးနေရာယှဥ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးသည် ငွေကျပ်သိန်း (၅၀၀)အထိ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြင်ဆင်မှုနှင့်အတူ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများကိုလည်း ကျပ်သိန်း ၁၅၀ ဆိုသည့် စကားရပ်များကို ကျပ်သိန်း ၃၀၀ ဆိုသည့် စကားရပ်ဖြင့် တိုးမြှင့်ပြင်ဆင်ပေးခဲ့သည်။
အထက်ပါ ပြင်ဆင်ချက်များအပြင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ နည်းဥပဒေ ၉၇ နည်းဥပဒေခွဲ(က) နည်းဥပဒေခွဲငယ်(၃) နည်းဥပဒေခွဲငယ်စိတ်(ငင)တွင် ခြွင်းချက်အဖြစ် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါဝင်သော မဲဆန္ဒနယ်အတွင်းရှိ မြို့နယ်များအတွက်ဖြစ်လျှင် ရွေးကောက်တင်မြှောက်ခံရသည့် သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာမြို့နယ်၏ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးစားပေး သတ်မှတ်ပေးရမည်။” ဟု ပြင်ဆင် ပြဌာန်းပေးခဲ့သည်။
