၂၇. ၁၀. ၂၀၂၅
Translated by Thettant
အာဆီယံသည် မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရန် အခြားသော အစပျိုးလုပ်ဆောင်မှုများနှင့်အတူ စောင့်ကြည့်သူများ စေလွှတ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဒါတွခ် ဆရီ မိုဟာမက် ဟာဆန်က ပြောကြားသည်။
အာဆီယံသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်ထူထောင်ရန် ဒေသတွင်း ကြိုးပမ်းအားထုတ်မှုများအတွက် အဓိက ကိုးကားစရာအဖြစ် အချက်ငါးချက်ပါ သဘောတူညီချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။


”အာဆီယံ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ရေးနဲ့ပတ်သက်ပြီးတော့ အကြီးတန်းအရာရှိအဆင့်မှာ ဆွေးနွေးသွားမှာပါ။ အာဆီယံရဲ့ မြန်မာနိုင်ငံအပေါ် ကြိုးပမ်းအားထုတ်မှုတွေမှာ ဆက်လက်လုပ်ဆောင်နေဖို့ အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ အတည်ပြုခဲ့သလို အာဆီယံ အထူးကိုယ်စားလှယ် သက်တမ်းကို ပြန်လည်ပြင်ဆင်ဖို့ အဆိုပြုချက်ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
”မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဇူလိုင်လက ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ရွေးကောက်ပွဲတွေဟာ မျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်မှုနဲ့ ယုံကြည်ကိုးစားနိုင်မှု ရှိရမယ်လို့ သဘောတူခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်မီ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုများစွာ ပြုလုပ်ဖို့ လိုအပ်ကြောင်းကို ကျွန်တော်တို့ တိုက်တွန်းပြောကြားခဲ့ပါတယ်” ဟုလည်း ဟာဆန်က ဆိုသည်။
ထို့အပြင် အာဆီယံသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကြိုးပမ်းအားထုတ်မှုများတွင် အရှိန်အဟုန်ကို ဆက်လက်ထိန်းထားရန် လိုအပ်ကြောင်း အလေးပေးဖော်ပြခဲ့ပြီး ပိုမိုတည်ငြိမ်သော ထိတွေ့ဆက်ဆံမှုကို အထောက်အပံ့ပေးရန်အတွက် အာဆီယံ အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ကို သက်တမ်းတိုးရန် အဆိုပြုချက်ကို ဆွေးနွေးခဲ့သည်။
”ဒီအဆိုပြုချက်ကို ပိုမိုနက်ရှိုင်းစွာ ဆွေးနွေးနိုင်ဖို့အတွက် အကြီးတန်းအရာရှိတွေကို တာဝန်ပေးဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သက်တမ်းကို သုံးနှစ်လိုမျိုး သတ်မှတ်ထားတဲ့ သက်တမ်းထားသင့်သလား၊ ဒါမှမဟုတ် အာဆီယံ ဥက္ကဋ္ဌ ရာထူးပေါ် မူတည်ပြီး အထူးကိုယ်စားလှယ် ခန့်အပ်တဲ့ လက်ရှိ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ထားရှိသင့်သလားဆိုတဲ့ အယူအဆအမျိုးမျိုး ရှိနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အတူ ဟာဆန်က အာဆီယံ အကြီးတန်းအရာရှိများသည် အဆိုပြုချက်ကို ထပ်မံဆွေးနွေးပြီး ကိစ္စရပ်ကို ပြန်လည် သုံးသပ်သွားမည်ဖြစ်သော်လည်း ယခုအဆင့်တွင် ဆုံးဖြတ်ချက်ချရန် အရေးတကြီးမလိုအပ်ကြောင်း အလေးပေးပြောကြားသည်။
မြန်မာအာဏာပိုင်များက တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကြိုးပမ်းမှုများကို ဦးစားပေးရန် တောင်းဆိုမှုများရှိနေသလို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသည်။
လူသားချင်း စာနာထောက်ထားမှု အကူအညီများသည် အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မူဝါဒများနှင့်အညီ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိစေရေး သေချာစေရန်အတွက် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း အလေးအနက်ပြောကြားသည်။
၎င်းက မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှု အခက်အခဲအခြေအနေကို သက်သာစေရန် ကြိုးပမ်းမှုများတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ ပြင်ပ မိတ်ဖက်များ၊ ကုလသမဂ္ဂနှင့် ပုဂ္ဂလိကကဏ္ဍတို့၏ ပံ့ပိုးကူညီမှုများကို အာဆီယံက ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အာဆီယံကို ရွေးကောက်ပွဲစောင့်ကြည့်သူများ စေလွှတ်ပေးရန် တောင်းဆိုထားပြီး အဆိုပါ တောင်းဆိုမှုအပေါ် အာဆီယံအနေဖြင့် ရွေးကောက်ပွဲစောင့်ကြည့်သူများ စေလွှတ်မလွှတ်ကို စုပေါင်းဆုံးဖြတ်သွားမည်ဖြစ်သော်လည်း လက်ရှိ ဆွေးနွေးနေဆဲသာ ဖြစ်သည်။ ထို့အပေါ် နိုင်ငံတချို့က ကန့်ကွက်နေကြပြီး နိုင်ငံတချို့က အကန့်အသတ်နှင့် စောင့်ကြည့်ရန် အသင့်ရှိသည်ဟု သဘောထားပေးထားကြသော်လည်း လက်ရှိအချိန်အထိ အာဆီယံ၏ တရားဝင် ဆုံးဖြတ်ချက်မှာမူ ထွက်ပေါ်လာခြင်း မရှိသေးချေ။
Ref, Bernama
