၂၇.၁၀.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော် ဒက်ကာရှိ Daffodil International University နဲ့ ဆာဗာမြို့အနီး၊ ဒက်ကာမြို့ရဲ့ ဆင်ခြေဖုန်းဒေသဖြစ်တဲ့ အရှုလီယာရှိ City University တို့မှ တက္ကသိုလ်ကျောင်းသားတွေဟာ အသေးအဖွဲဖြစ်ရပ်တစ်ခုကနေ အောက်တိုဘာလ ၂၆ ရက် သန်းခေါင်ယံအချိန်မှာ နှစ်ဖက် အကြမ်းဖက်တိုက်ခိုက်မှု ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၆ ရက်၊ ညသန်းခေါင်ယံအချိန်မှာစတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေက အောက်တိုဘာလ ၂၇ ရက် နံနက် ၄ နာရီခွဲအထိဖြစ်ပွားနေခဲ့ပြီး အကြိမ်ကြိမ်တိုက်ခိုက်မှုတွေ၊ ဖျက်ဆီးမှုတွေနဲ့ မီးရှို့မှုတွေ ဖြစ်ပွားခဲ့ကာ အထူးသဖြင့် City University ကို သိသိသာသာ ပျက်စီးစေခဲ့ပါတယ်။ ကျောင်းသားများက ရုန်းရင်းဆန်ခတ်မှုတွေအတွင်း တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေက ဘယ်အကူအညီမှ မပေးခဲ့ဘူးလို့ စွပ်စွဲခဲ့ကြပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောကြားချက်တွေအရ ညနေပိုင်းမှာ City University မှ ကျောင်းသားတစ်ဦး က Bachelor Paradise Hostel အနီးမှာ သူ့ရဲ့မော်တော်ဆိုင်ကယ်မှ တံတွေးထွေးခဲ့ရာမှာ Daffodil University မှ ကျောင်းသားတစ်ဦးကို မတော်တဆ ထိမှန်ထွေးမိခဲ့တယ် ဆိုပါတယ်။ ဒီကိစ္စကနေ တက္ကသိုလ်နှစ်ခုမှ ကျောင်းသားတွေအကြား အငြင်းပွားမှုစတင် ဖြစ်ပွားခဲ့ရတာပါ။
ည ၉ နာရီလောက်မှာ လက်လုပ်လက်နက်တွေနဲ့ အုတ်ခဲတွေ ကိုင်ဆောင်ထားတဲ့ City University မှ ကျောင်းသား ၄၀ မှ ၅၀ လောက်က Daffodil University ကျောင်းသားတွေရဲ့ နေထိုင်ရာနေရာကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားနေတဲ့ ဗီဒီယိုတွေ လူမှုမီဒီယာမှာ ပျံ့နှံ့သွားပြီးနောက်မှာတော့ Daffodil International University မှ ကျောင်းသားတစ်ထောင်ကျော်ဟာ City University သို့ စုဝေးချီတက်ခဲ့ကြတာမှာ တက္ကသိုလ်နှစ်ခုရဲ့ ကျောင်းသားတွေအကြား ကြီးမားတဲ့ ပဋိပက္ခကြီးတစ်ခု ဖြစ်ပွားစေခဲ့တော့တာပါပဲ။
တက္ကသိုလ်တွေရဲ့အုပ်ချုပ်ရေးမှူးအဖွဲ့အနေနဲ့လည်း အခြေအနေကိုထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုရမှာပါ။
ညသန်းခေါင်ယံကျော်ပြီးနောက် အချိန်မှာတော့ Daffodil University မှ တက္ကသိုလ်ကျောင်းသားတွေဟာ City University ကျောင်းဝင်းထဲ ဝင်ရောက်ကာ ကျောင်းသားတွေကို အထဲမှာ ပိတ်ဆို့ပြီး ပစ္စည်းတွေကို ဖျက်ဆီးခဲ့ကြပါတယ်။ သူတို့က အုပ်ချုပ်ရေးအဆောက်အအုံမှ ကွန်ပျူတာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကိုလုယက်ခဲ့ပြီး ဘတ်စ်ကားသုံးစီးနဲ့ ကိုယ်ပိုင်ကားတစ်စီးကို မီးရှို့ခဲ့ကာ အခြားယာဉ်ငါးစီးကိုလည်း ပျက်စီးစေခဲ့လို့ သတင်းတွေအရ သိရပါတယ်။
ပဋိပက္ခဖြစ်ပွားမှုအတွင်းမှာ လက်လုပ်ဗုံးတွေလည်း ဖောက်ခွဲခဲ့တာကြောင့် နှစ်ဖက်စလုံးမှ ကျောင်းသား အနည်းဆုံး ၅၀ လောက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
City University ကျောင်းသားတစ်ဦးက မနက် ၄ နာရီခွဲလောက်ထိ ကျောင်းဝင်းအတွင်း အစိတ်အပိုင်းအတော်များများ မီးလောင်နေဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာ ဝင်ရောက်ထိန်းသိမ်းစွက်ဖက်မှုတွေ ရှိပေမယ့် တက္ကသိုလ်နှစ်ခုလုံးမှ ကျောင်းသားတွေဟာ အပြန်အလှန် လိုက်လံဖမ်းဆီးခဲ့ကြပြီး မီးရှို့မှုများ ပိုမိုဖြစ်ပွားခဲ့ရတယ်လို့လည်းဆိုကြပါတယ်။။
အရှုလီယာ ရဲစခန်းမှ တာဝန်ကျရဲအရာရှိက “အခြေအနေကို ထိန်းချုပ်နိုင်ပါပြီ။ ရဲအရာရှိတွေလည် အခင်းဖြစ်ပွားရာနေရာမှာ ရှိနေကြပါပြီ” လို့ တိုက်ခိုက်မှုတွေဖြစ်ပွားအပြီးမှာ ပြောခဲ့ပါတယ်။
Ref-Dhaka Tribune

