



၂၅.၁၀.၂၀၂၅
Written By Thandar
Shwe Sandar Min Production က စီစဉ်ရိုက်ကူးထားတဲ့ ကြည်နူးစရာ ဇာတ်လမ်းပုံစံ “ဝတ်မှုန်တစ်စက် ၏ အတ္ထုပ္ပတ္တိ”ဇာတ်လမ်းတွဲ Press Show ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်အနေနဲ့ ဝတ်မှုန်တစ်စက်၏ အတ္ထုပ္ပတ္တိမှာ လွင်ဦးဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ဆရာအကယ်ဒမီဇော်မင်းဦးနဲ့က ပထမဦးဆုံးလက်တွဲဖြစ်တဲ့ ဇာတ်လမ်းတွဲပါ။ ဆရာတာရာမင်းဝေရဲ့ ၀တ္ထုကောင်းလည်းဖြစ်တဲ့အတွက်ကြောင့် တာဝန်လည်းကြီးပါတယ်။ အပိုင်း ၃ပိုင်းလောက်တော့ ပြသနေပါပြီ။ ဇာတ်လမ်းတွဲ တစ်ခု ဖန်တီးပုံဖော်ချိန်မှာ အကောင်းဆုံးကြိုးစားခဲ့ရတာပါ။ လက်ရှိ ကျွန်တော်တို့အပိုင်းနေရာလေးကိုမရောက်သေးဘူးနော်။ ပြန်ကြည့်လိုက်တော့လည်း လူငယ် တက္ကသိုလ်ကျောင်းသားဘဝပုံစံလေးတွေမို့ ချစ်စရာကောင်းတဲ့ဇာတ်လေးပါ။ မထင်မှတ်ထားတဲ့ မြှုပ်ကွက်လေးတွေ ပရိသတ်တွေ ကြည့်ရမှာပါ”လို့ သရုပ်ဆောင် ဘုန်းရှိန်ခန့်က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဝတ္ထု တာရာမင်းဝေ၊ လက်ထောက်ဒါရိုက်တာ အောင်ဩဘာ၊ ဇာတ်ညွှန်းနဲ့ အကယ်ဒမီ ဒါရိုက်တာ ဇော်မြင့်ဦးက သရုပ်ဆောင်တွေဖြစ်တဲ့ ရှင်မွေလ၊ ဘုန်းရှိန်ခန့်၊ ကောင်းဟိန်း၊ ကောင်းစံ၊ ဖုန်းသီရိကျော်၊ ပြည့်ကောင်းစုသန့်၊ ရှင်မင်းဆက်၊ မို၊ အိမ့်ကြာဖြူ စတဲ့သူတွေနဲ့ ရိုက်ကူးပုံဖော်ထားကြပါတယ်။
“ဝတ်မှုန်တစ်စက်၏ အတ္ထုပ္ပတ္တိ” ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက် ည ၈ နာရီတိုင်းမှာ တနင်္လာကနေ သောကြာနေ့အထိ Fortune TV Channel မှာ ထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။
“မိုးတွင်းကာလလေးမှာ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလေးတွေမို့ ဒီဘက်ခေတ်ကာလကို ရိုက်ကူးထားပေမယ့် ချစ်စရာကောင်းတဲ့ ဇာတ်လေးပါ။တက္ကသိုလ် Main ထဲမှာရိုက်ကူးခဲ့တာမို့ အမှတ်တရပါပဲ။ နောက် ချစ်သူ ရည်းစားတွေက စာပေးစာယူခေတ်လည်း ထည့်ပြီး ပုံဖော်ထားပါတယ်။ ဇာတ်လမ်းလေးကထုတ်လွှင့်နေပြီမို့ ကြည့်ရှုအားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ရှင်မွေလက ပြောပါတယ်။
