၂၅. ၁၀. ၂၀၂၅
Translated by Thettant
ရဲတိုင်ကြားမှု ပြန်လည်သုံးသပ်ရေးဘုတ်အဖွဲ့က ထိုင်းရဲချုပ်(ဟောင်း)တော်ဆတ် ဆူခ်ဗီမောလ်အပါအဝင် အရာရှိ ၂၀၀ ကျော်မှာ ကျားဖြန့် အွန်လိုင်းလောင်းကစားဂိုဏ်းများနှင့် ဆက်စပ်သော လာဘ်ပေးလာဘ်ယူမှုများ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲချက်များ မှန်ကန်ပြီး စည်းကမ်းချိုးဖောက်မှုများ တွေ့ရှိခဲ့သည်။
ရဲတိုင်ကြားမှု ပြန်လည်သုံးသပ်ရေးဘုတ်အဖွဲ့သည် ထိုင်းရဲတပ်ဖွဲ့၏ ယခင်ရဲချုပ်ဖြစ်သူ ရဲဗိုလ်ချုပ်ကြီး တော်ဆတ် ဆူခ်ဗီမောလ်နှင့် အရာရှိ ၂၀၀ ကျော်အပေါ် စည်းကမ်းပိုင်းဆိုင်ရာချိုးဖောက်မှု စွဲချက်များမှာ အကျိုးအကြောင်းခိုင်လုံမှုရှိကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။
ဤဆုံးဖြတ်ချက်သည် ထင်ရှားသောရှေ့နေ စစ်ထရာ ဘီယာဘန်ကာ့ဒ်မှ ၂၀၂၄ ခုနှစ် မတ်လတွင် အဆိုပါအဖွဲ့အား အွန်လိုင်းလောင်းကစားဂိုဏ်းများထံမှ လာဘ်ငွေများ လက်ခံခဲ့သည်ဟု စွပ်စွဲ၍ တိုင်ကြားချက်တင်သွင်းခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ခုနစ်လကျော်ကြာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဘုတ်အဖွဲ့သည် အမျိုးမျိုးသော အေဂျင်စီများထံမှ စာရွက်စာတမ်းများ စုဆောင်းကာ နှစ်ပေါင်းများစွာကြာမြင့်သော အခြေအနေများကို အသေးစိတ် ပြန်လည်သုံးသပ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၂ ရက်တွင် စည်းကမ်းပိုင်းဆိုင်ရာ စွဲချက်များ ဆက်လက်ဆောင်ရွက်ရန် လုံလောက်သော အထောက်အထားများရှိကြောင်း ကောက်ချက်ချခဲ့သည်။
နောက်ထပ်တစ်ဆင့်တွင်မူ တော်ဆတ်နှင့် ပါဝင်ပတ်သက်သော အခြားအရာရှိများအား စွပ်စွဲချက်များနှင့် ပတ်သက်၍ ဖြေရှင်းချက်ပေးရန် အခွင့်အရေး ပေးအပ်သွားမည်ဖြစ်သည်။ ဘုတ်အဖွဲ့သည် စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုပြစ်ဒဏ်များ၏ ပြင်းထန်မှု အဆင့်များကို မဆုံးဖြတ်မီ ၎င်းတို့၏ တုံ့ပြန်မှုများကို ပြန်လည်သုံးသပ်မည်ဖြစ်သည်။ ထို့နောက် အဆိုပါအမှုကို နောက်ထပ်အရေးယူဆောင်ရွက်ရန်အတွက် တော်ဝင်ထိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးပို့မည်ဖြစ်သည်။
Ref . The Nation Thailand
