၂၅.၁၀.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာ ကွယ်လွန်သူ ဘုရင် ဘူမိဘောလ် အဒူလ်ရာဒက်ရှ်ရဲ့ ကြင်ယာတော်ဖြစ်တဲ့ မိဖုရားကြီး သီရိခေတ်ဟာ ပြီးခဲ့တဲ့နှစ်တွေထဲမှာ နေမကောင်း မကျန်းမာမှုအမျိုးမျိုးကြောင့် လူအများရှေ့မှာ ရှားရှားပါးပါး တွေ့ရခဲနေရာက သက်တော် ၉၃ နှစ်အရွယ် အောက်တိုဘာ ၂၄ ရက် ညနှောင်းပိုင်းမှာတော့ဘန်ကောက်မြို့ရှိဆေးရုံတစ်ရုံမှာ ကွယ်လွန်ခဲ့တယ်လို့ တော်ဝင်မိသားစုက ကြေညာခဲ့ပါတယ်။
မိဖုရားကြီး သီရိခေတ်ရဲ့ ကြင်ယာဖြစ်တဲ့ ဘုရင် ဘူမိဘောလ် အဒူလ်ရာဒက်ရှ်က ထိုင်းနိုင်ငံမှာ တော်ဝင်ထီးနန်းကို နှစ် ၇၀ အထိ ရယူခဲ့ပြီး ၂၀၁၆ ခုနှစ်၊အောက်တိုဘာလက ကွယ်လွန်ခဲ့တာပါ။ မိဖုရားကြီး အနေနဲ့ အောက်တိုဘာလ ၁၇ ရက်ကစပြီး သွေးအတွင်း ရောဂါပိုးကူးစက်မှုကို စတင်ခံစားခဲ့ရတာပါ။ ပြီးခဲ့တဲ့နှစ်တွေထဲကပဲ မိဖုရားကြီးဟာ ကျန်းမာရေးချို့တဲ့လာခဲ့လို့ အများပြည်သူရှေ့မှာ တွေ့ ရနည်းလာ ခဲ့တာလို့လည်း သိရပါတယ်။


သူတို့ဇနီးမောင်နှံက ၁၉၅၀ ပြည့်နှစ် ဧပြီလ ၂၈ ရက်မှာ လက်ထပ်ခဲ့ကြပါတယ်။ နောက်တစ်ပတ်အကြာ မေလ ၅ ရက်မှာတော့ ဘူမိဘောလ် အဒူလ်ရာဒက်ရှ်ကဘုရင်အဖြစ် နန်းတက်ခဲ့တာပါ။ သူက ဆွစ်ဇာလန်မှာ တက္ကသိုလ်ပညာကို ပြီးဆုံးအောင် သွားရောက်သင်ကြားနေခဲ့လို့ နန်းတက်ပွဲကို လေးနှစ်ရွှေ့ဆိုင်းခဲ့ရတာပါ။
မိဖုရားကြီး သီရိခေတ်ကို ၁၉၃၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်မှာမွေးဖွားခဲ့ပြီး တော်ဝင်မျိုးနွယ် သံတမန် တစ်ဦးရဲ့ သမီးဖြစ်ပါတယ်။ သီရိခေတ်က လက်တပ်ချိန်မှာ အသက်အားဖြင့် ၁၇ နှစ်သာ ရှိပါသေးတယ်။ သူတို့နှစ်ဦးမှာ သားသမီးလေးဦးရှိခဲ့ပြီး လက်ရှိထိုင်းနိုင်ငံဘုရင် ဗာဂျီရာ လောင်ကွန်က သူတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူပါ။
Ref- DW News
