သက်တန့်
၂၅. ၁၀. ၂၀၂၅
အကြမ်းဖက်လက်နက်ကိုင် KNU ၏ ကျားဖြန့်ငွေလိမ်ဂိုဏ်း KK Park ကို တပ်မတော်က စီးနင်းရှင်းလင်းပြီးနောက် လိမ်လည်သည့်ဝန်ထမ်းများ ယမန်နေ့က ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးအပြီးတွင် ဖောက်ခွဲရှင်းလင်းခံရသည်ဟု ထိုင်းသတင်းများက ရေးသားဖော်ပြသည်။
ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်မြို့နယ်၊ မဲကွတ်ဆုန်မိုင်ကျေးရွာနှင့် မျက်နှာချင်းဆိုင် မြဝတီမြို့ရှိ KK Park ဧရိယာအတွင်းရှိ အွန်လိုင်းငွေလိမ်သူများ အသုံးပြုသည့် အဆောက်အအုံများကို စတင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။


ပေါက်ကွဲမှုမှာ အလွန်ပြင်းထန်သဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကပင် ကြားခဲ့ရပြီး အဖြူရောင် မီးခိုးလုံးကြီးများ မိနစ်အတော်ကြာ ပျံ့နှံ့ခဲ့သည်။ ဤသည်မှာ အဆိုပါ ဧရိယာရှိ အွန်လိုင်းလိမ်လည်မှု ဗဟိုဌာနများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေး၏ ဒုတိယမြောက်နေ့ ဖြစ်သည်။
ယခင်ရက်ပိုင်းကလည်း မြန်မာ့တပ်မတော်သည် KK Park ရှိ ကျားဖြန့်လိမ်လည်မှုလုပ်ငန်းကို ဖြိုခွဲခဲ့ပြီး နိုင်ငံခြားသား ၂,၀၀၀ နီးပါးကို ထိန်းချုပ်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုများနှင့် အွန်လိုင်းလိမ်လည်သူ ဂိုဏ်းများကို ဖြိုခွဲမှုများကြောင့် တပ်မတော်၏ ဖမ်းဆီးခြင်းကို ကြောက်ရွံ့၍ နိုင်ငံခြားသားများ၊ ထိုင်းနိုင်ငံသားများနှင့် အခြားရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀ ကျော် ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။



ရတ်ချာ့မနူစစ်ဆင်ရေးတပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ကွန့်ဆန်းဆွန်းက မြန်မာအာဏာပိုင်များသည် ဖျက်ဆီးမည့်အကြောင်းနှင့် ပေါက်ကွဲမည့်နေရာကို ထိုင်းအရာရှိများအား ကြိုတင်အသိပေး အကြောင်းကြားခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထိုင်းအာဏာပိုင်များကလည်း နယ်စပ်အနီးနေထိုင်သူများအား အခြေအနေကို သိရှိစေရန် အသံချဲ့စက်များဖြင့် ကြေညာအသိပေးခဲ့သည်။ အရာရှိများ၏ ပြောကြားချက်အရ ထိုင်းပိုင်နက် နယ်မြေအပေါ် မည်သည့် ထိခိုက်မှုမှ မရှိခဲ့ကြောင်း သိရသည်။ ထိုင်းစစ်တပ်သည် နယ်စပ်ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူများအား လူသားချင်းစာနာထောက်ထားမှုမူများအရ အကူအညီများ ပေးအပ်နေသည်။
တက်ခ်ပြည်နယ်ရှိ ထိုင်းနယ်စပ်ထိန်းချုပ်ရေး ကွပ်ကဲမှုစင်တာကလည်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား အရေအတွက်မှာ ၄၀၃ ဦး တိုးလာခဲ့ပြီး နှစ်ရက်အတွင်း စုစုပေါင်း လူဦးရေ ၁,၁၉၈ ဦး ရှိကြောင်း သတင်းပို့ခဲ့သည်။ ရွှေ့ပြောင်းလာသူ အများစုမှာ အိန္ဒိယနိုင်ငံသားများ ဖြစ်ကြပြီး ဒုတိယအများဆုံးမှာ တရုတ်နှင့် ဗီယက်နမ်နိုင်ငံသားဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်သူများကို အမျိုးသားလွှဲပြောင်းပေးရေး ယန္တရား (National Referral Mechanism – NRM) လုပ်ငန်းစဉ် မဆောင်ရွက်မီ စစ်ဆေးမှုများ ပြုလုပ်ရန် မဲဆောက်မြို့ရှိ နေရာလေးခုသို့ ပို့ဆောင်ထားသည်။
ထိုင်းအာဏာပိုင်များသည် ထွက်ပြေးလာသူအချို့မှာ လူကုန်ကူးခံရသူများဖြစ်ကြပြီး အချို့မှာမူ အွန်လိုင်းလိမ်လည်သူ ဂိုဏ်းများတွင် ဆန္ဒအလျောက် ပါဝင်သူများဖြစ်ကြောင်း စုံစမ်းတွေ့ရှိရသည်ဟု ပြောသည်။
Ref, The Nation Thailand



