၂၃.၁၀.၂၀၂၅
Written By Thandar
3H Art Production က မတူညီတဲ့ဟာသဇာတ်လမ်းပုံစံ “၂ ညအိပ် ၃ ရက်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲကို အောက်တိုဘာ ၂၂ ရက် ညပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“၂ ညအိပ် ၃ ရက်ကတော့ ကျွန်တော်နဲ့ အေးချမ်း ပထမဆုံး စဆုံတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ရှေ့က ဗီဒီယိုတွေ စီးရီးတွေပဲရှိခဲ့ပါတယ်။ အေးချမ်းရဲ့ ပထမဆုံးရုပ်ရှင် အဲ့ဒီအချိန် သူလည်း အကယ်ဒမီရသေးတာ မဟုတ်ဘူး။ ဒီကားရိုက်ချိန်က ကျွန်တော်လည်း ၃ က ရုပ်ရှင်တစ်ကားပဲ ရုံတင်ရသေးတဲ့အချိန်ပေါ့။ ဝေဖြိုးတို့၊ နေ့သစ်တို့၊ ရဲထွဋ်တို့ဆိုတာလည်း ဘာမှမယ်မယ်ရရ မရိုက်ရသေးတဲ့အချိန် သူတို့အားလုံးကို အဓိကနေရာတွေထား ရိုက်ရတာ စိန်ခေါ်မှုတွေ များခဲ့ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ဆိုပြီး အရဲစွန့်ခဲ့ကြတယ်။ အခုချိန် ရုံတင်ခွင့်ရတော့ သူတို့အတွက် ပိုရင်ခုန်ပါတယ်”လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းနဲ့ ဒါရိုက်တာ အောင်ချမ်းလူက လွန်ခဲ့တဲ့ ၃ နှစ်က ငွေဆောင်၊ ရန်ကုန်တို့ဘက်မှာ ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်တွေက အကယ်ဒမီ အေးချမ်းမောင်၊ အကယ်ဒမီကျော်ရဲအောင်၊ ခင်လှိုင်၊ ဝေဖြိုး၊ ရဲထွဋ်မင်းခေါင်၊ နေ့သစ်အေးအောင်၊ ကျော်ဇေယျ၊ အိအိမြင့်အောင်သိန်း စတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
“၂ ည အိပ် ၃ ရက်”ရုပ်ရှင်ဇာတ်ကားကြီးကို မနက်ဖြန် အောက်တိုဘာလ ၂၄ ရက်နေ့မှစတင်ပြီး မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#AyeChanMaung #waiphyoe #yehtutminkhaung #naytthitayeaung #eieimyintaungthein #KhinHlaing #AungChanLu #3Days2Nights #၂ညအိပ်၃ရက်ရုပ်ရှင်









