၂၂.၁၀.၂၀၂၅
Translated by Htwe Ko Tun
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ရဲ့ ဘူဒါပတ်စ်မှာကျင်းပဖို့စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲကို ခေတ္တဆိုင်းငံ့ထားတယ်ဆိုပေမယ့် သမ္မတနှစ်ဦးကြား ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဗစ်တာ အော်ဘန်က လူမှုကွန်ရက် Facebook မှာ “ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာ ဇီဂျာတိုက အခုဆို ဝါရှင်တန်မြို့မှာ ရောက်နေပါတယ်။ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲပါ။ ဘယ်နေ့လဲဆိုတာတော့ မသေချာဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကျင်းပမှာပါ” လို့ ရေးသားခဲ့ပါတယ်။
ရုရှားအစိုးရက ယူကရိန်းမှာ ချက်ချင်းအပစ်အခတ်ရပ်စဲပေးရေးကို ပယ်ချခဲ့ပြီး ညှိနှိုင်းမှုတွေ ရှုပ်ထွေးလာပြီးနောက် ထိပ်သီးအစည်းအဝေးကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးဖို့အတွက် သူနဲ့ ပူတင်တို့ ဟန်ဂေရီမှာ မကြာခင် တွေ့ဆုံမယ်လို့ ထရမ့်ပ်က ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့တာပါ။ အောက်တိုဘာလ ၂၁ ရက်မှာတော့ ထရမ့်ပ်က အကျိုးမရှိတဲ့ အလဟဿတွေ့ဆုံဆွေးနွေးမှုအဖြစ် မပြုလုပ်လိုဘူးလို့ ပြောကြားခဲ့ပေမယ့် နောက်ထပ် တိုးတက်မှုတွေနဲ့ ပတ်သက်လို့ “နောက်နှစ်ရက်အတွင်း သင့်အား အကြောင်းကြားပေးမည်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ကာလကြာရှည် မဟာမိတ်ဖြစ်တဲ့ အော်ဘန်က ရုရှားအစိုးရနဲ့ နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ဒီမိုကရေစီနဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂရဲ့ တခြားအဖွဲ့ဝင်တွေနဲ့ မကြာခဏ သဘောထားကွဲလွဲတဲ့ ရပ်တည်ချက်ရှိသူလည်း ဖြစ်ပါတယ်။
Ref , DW
