၂၂.၁၀.၂၀၂၅
Written By Thandar
မှော်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးတဲ့ ဆယ်စုနှစ်တစ်ခုအကြာမှ သရုပ်ဆောင် နေတိုးနဲ့ ဖွေးဖွေးတို့ ပြန်လည်ဆုံတွေ့ကြမယ့် “မတန်မရာ” ( UNWORTHY ) ရုပ်ရှင်ဇာတ်ကားကြီး စတင် ရိုက်ကူးမယ့် အကြောင်း မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၂ ရက်၊ နံနက် ၁၁ နာရီက ရန်ကုန်မြို့ရှိ The Eravati Hotel မှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားက ကျွန်တော်နဲ့ ဖွေးဖွေး အနုပညာမောင်နှမနှစ်ယောက်ရဲ့ ၁၀ စုနှစ်တစ်ခုကြာမှ ပြန် လည် ဆုံစည်းရိုက်ကူးကြတဲ့ကားလို့ပြောရင်လည်း မမှားပါဘူး။ ဒီကားက ဇာတ်ကောင်ကလည်း ကိုယ်နဲ့လိုက်ဖက်မှုရှိတယ်။ ပါဝင်ကြတဲ့ တခြားဇာတ်ကောင်တွေကလည်း သူ့နေရာနဲ့သူပေါ့။ အံ့ဝင်ခွင်ကျရှိတယ်ပေါ့နော်။ ဇာတ်လမ်းသွားတဲ့ပုံစံကလည်း ဒီဘက်ခေတ်ရဲ့ ပရိသတ်တွေအတွက် အမြင်ဆန်းစေမယ့် ဇာတ်လို့လည်း ပြောလို့ရပါတယ်။ တကယ်တော့ ဒီကားမှာ အိမ်ထောင်သည်ဇာတ်ကောင် တစ်ခုအနေနဲ့မြင်ရမှာပါ” လို့ အကယ်ဒမီ နေတိုးက ပြောပါတယ်။

“ကျွန်မက နှင်းဆီပါမောင် “ ၊ “ မုန်းစွဲ “ ၊ “ မာယာပရောဂျက် “ ၊ “ ကျူးပစ်ရဲ့ကျေးကျွန်များ “ အစရှိတဲ့ ထင်ရှားအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ အတွဲညီခဲ့တဲ့ နေတိုး၊ ဖွေးဖွေးတိုရဲ့ သရုပ်ဆောင်မှုကို ဆယ်နှစ်ကျော်အကြာမှ ဒါရိုက်တာ မင်းဆက်သစ်က “မတန်မရာ” ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ အကောင်းဆုံးဖန်တီး ပုံဖော်ရိုက်ကူးသွားမှာလည်းဖြစ်တယ်လို့လည်း သိရပါတယ်။

“မတန်မရာ ရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာနိုင်ငံရဲ့ A List မင်းသား၊ မင်းသမီးတွေ ဖြစ်တဲ့ သရုပ်ဆောင် နေတိုးနဲ့ ဖွေးဖွေးတို့ပြန်လည်ဆုံတွေ့ ရမှာပါ။ အကယ်ဒမီ နေတိုးနဲ့ ဖွေးဖွေးတို့လို သရုပ်ဆောင်ကြီးတွေက ကျွန်တော်နဲ့ ရိုက်ကူးဖို့ယုံယုံကြည်ကြည်နဲ့ လက်ခံပေးတာ ကျွန်တော့် အတွက် အိပ်မက်တစ်ခုလိုပါပဲ။ ယုံကြည်မှုပေးတဲ့အတိုင်း အကောင်းဆုံး ရိုက်ကူးပုံဖော်ပြီး မတန်မရာဇာတ်ကားမှာ အကောင်းဆုံး ရိုက်ကူးပုံဖော်သွားမှာပါ”လို့ ဒါရိုက်တာ မင်းဆက်သစ်က ပြောပါတယ်။

ဒီဇာတ်ကားကို ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ မင်းဆက်သစ်က ဇာတ်လမ်း အစ ၊ အလယ် ၊ အဆုံး အသည်းတယားယားရင်တမမဖြစ်အောင် သရုပ်ဆောင် နေတိုး၊ ဖွေးဖွေး၊ ဝင်းသပြေထွန်း၊ ချာလီ၊ ဒီး၊ ခင်ဇာခြည်ကျော် စတဲ့ အနုပညာရှင်များစွာနဲ့ မကြာမီရိုက်ကူးမှာ ဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်မှာတော့ ထိပ်တန်းသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ လေးထပ်ကွမ်း အကယ်ဒမီဆုရှင် နေတိုး၊ သုံးထပ်ကွမ်း အကယ်ဒမီဆုရှင် ဖွေးဖွေးတို့ပြန်လည်ဆုံစည်းမယ့် “မတန်မရာ” ရုပ်ရှင်ဇာတ်ကားကို လာမယ့် ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ပြသရုံသာမက ထိုင်း၊ မလေးရှား၊ စင်ကာပူတို့နဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
