၂၂. ၁၀. ၂၀၂၅
Translated by Thettant
ဘိန်းစာရွက်ပြုတ်ရည်(Kratom) အလွန်အကျွံ စွဲလမ်းစွာ သောက်သုံးမှုကြောင့် ကျန်းမာရေးထိခိုက်ကာ ပိန်ချုံးသွားသည်ဟုဆိုသော အမျိုးသားတစ်ဦးအား ကူညီရန် အကူအညီတောင်းခံရပြီးနောက် ထိုင်းစေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားတစ်ဦးက သတိပေးချက်ထုတ်ပြန်ခဲ့သည်။
ကယ်ဆယ်ရေးသမားဖြစ်သူ Jirasak Prayonghom က သူကူညီခဲ့သည့် အမျိုးသား၏ ဓာတ်ပုံကို အောက်တိုဘာ ၂၁ ရက်နေ့က ၎င်း၏ Facebook အကောင့်တွင် မျှဝေခဲ့သည်။

Jirasak က ၎င်း၏ပို့စ်တွင် ”သတိပေးချက်။ ဒီအသက် ၂၃ နှစ်အရွယ် အမျိုးသားဟာ အရေပြားနဲ့ အရိုးပဲကျန်တော့တဲ့အထိ အားနည်းပြီး ပိန်ချုံးနေတာပါ။ သူ ဘိန်းစာရွက်ဖျော်ရည်ကို အချိန်အတော်ကြာ သောက်သုံးခဲ့ပြီး ရေကို နည်းနည်းလေးပဲ သောက်ခဲ့ကြောင်း ဝန်ခံပါတယ်။အစားအသောက်လည်း အလွန်နည်းနည်းလေးပဲ စားပြီး အခန်းထဲမှာ အထီးကျန်နေခဲ့ပါတယ်။ အကူအညီတောင်းဖို့ ဘယ်သူ့ကိုမှ ဆက်သွယ်ဖို့တောင် သူ့မှာ အင်အားမရှိတော့ပါဘူး” ဟု ရေးသားခဲ့သည်။
ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ပြုတ်ရည်ကို ဘိန်းစာရွက်များ ရေတွင် ပြုတ်၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးခြင်း၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို သက်သာစေခြင်း၊ စိတ်ကို လန်းဆန်းစေခြင်းတို့အတွက် အကျိုးပြုသည်ဟု ယုံကြည်ကြသည်။

ထိုင်းဥပဒေများအရ ကိုယ်ပိုင်သောက်သုံးရန်အတွက် ဘိန်းစာရွက်ပြုတ်ရည် ပြုလုပ်ခြင်းသည် တရားဝင်သည်။ သို့သော် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချခြင်းကိုမူ တရားမဝင်ဟု သတ်မှတ်ထားသော်လည်း ထိုင်းနိုင်ငံတစ်ဝန်းရှိ လမ်းဘေးဆိုင်အချို့တွင် ယင်းပြုတ်ရည်ကို ရနိုင်ဆဲဖြစ်သည်။
Jirasak က မျှဝေလာသော ဓာတ်ပုံတွင် ထိုအမျိုးသားအား အဝတ်မပါဘဲ ကယ်ဆယ်ရေးလူနာတင်ကတ်ပြားပေါ် လဲလျောင်းနေသည်ကို တွေ့ရသည်။ ယင်းသည် အလွန်ပင်ပန်းနွမ်းနယ်နေပြီး အရိုးများက အရေပြားအောက်မှ ထင်ရှားစွာ ပေါ်နေသည်။ ကယ်ဆယ်ရေးသမားများက ယင်းကို ဆေးကုသမှုခံယူနိုင်ရန်အတွက် ငှားရမ်းထားသည့်အခန်းမှ သယ်ထုတ်ခဲ့ရသည်။
Jirasak က ထပ်မံ ရှင်းပြသည်မှာ ကြီးမားသော ပြန်လည် ပြုပြင်မွမ်းမံမှုများအတွက် အဆောက်အအုံကို စစ်ဆေးနေစဉ် အခန်းပိုင်ရှင်က ထိုအမျိုးသားကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသားအား အမှိုက်ပုံများ၊ ဘိန်းစာရွက်ပြုတ်ရည်ပုလင်းများနှင့် ဆီးပုလင်းများအကြားတွင် လဲလျောင်းနေသည်ကို တွေ့ခဲ့ရသည်။
ထို့အပြင် အခန်းတစ်ခုလုံးသည် ပုပ်သိုးနေသည့် အစားအစာများနှင့် လူ့စွန့်ပစ်ပစ္စည်းများ၏ နံစော်သောအနံ့များဖြင့် ပြည့်နေသည်။ ထိုအမျိုးသားသည် မိမိကိုယ်ကိုယ် ဂရုစိုက်ရန် သို့မဟုတ် အကူအညီခေါ်ရန်ပင် အင်အားမရှိကြောင်း သိရသည်။ ယင်းသည် တွေ့ရှိရသည့် အချိန်မတိုင်မီ တစ်လကျော်ကြာအောင် ဤကဲ့သို့ ဆိုးရွားသောအခြေအနေတွင် ရှိနေခဲ့သည်ဟု ယုံကြည်ရသည်။
အဆောက်အအုံပိုင်ရှင်က ထိုအိမ်ငှားသည် လစဉ် အိမ်ငှားခကို ဆက်လက်ပေးချေနေသောကြောင့် သူ၏အခန်းကို မည်သည့်အခါမျှ စစ်ဆေးခဲ့ခြင်းမရှိကြောင်း Jirasak ကို ပြောပြခဲ့သည်။
Jirasak ၏ Facebook ပို့စ်သည် ထိုင်းအင်တာနက်အသုံးပြုသူများ၊ အထူးသဖြင့် ဘိန်းစာရွက်ပြုတ်ရည် သောက်သုံးသူများကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အများအပြားက ဘိန်းစာရွက်ပြုတ်ရည်၏ အကျိုးသက်ရောက်မှုများကို ကာကွယ်ပြောဆိုကြပြီး ယင်းတစ်ခုတည်းက အမျိုးသား၏ အခြေအနေကို ဖြစ်စေနိုင်မည်မဟုတ်ကြောင်း ငြင်းခုံခဲ့ကြသည်။
မှတ်ချက်များအချို့တွင် ”ဒါကတော့ အရမ်းများလွန်းတယ်။ သူ ဘိန်းစာရွက်တစ်ခုတည်း သုံးတာ မဟုတ်ဘူးထင်တယ်။ ကက်တမင်းလိုမျိုး တခြားဆေးဝါးတွေပါ သုံးခဲ့နိုင်တယ်”ဟု မှတ်ချက်ပြုထားသလို ”ဘိန်းစာရွက်ပြုတ်ရည် တစ်ခုတည်းရဲ့ ရလဒ်လို့ မထင်ပါဘူး။”ဟုလည်း မှတ်ချက်ပြုကြသည့်အပြင် ”ကျွန်တော်လည်း ဘိန်းစာရွက်ပြုတ်ရည် သောက်ပါတယ်။ ဒီလို ပိန်သွားတာ မဟုတ်ဘဲ ဝလာပါသေးတယ်” ဟူ၍လည်း ရေးသားထားကြသည်။
အခြားအသုံးပြုသူများကမူ အကယ်၍ ထိုအမျိုးသားသည် အကူအညီတောင်းရန်ပင် အားမရှိပါက အိမ်ငှားခနှင့် အစားအစာများကို မည်သို့ ပေးချေဝယ်ယူနိုင်ခဲ့သနည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။
Jirasak သည် ထိုအမျိုးသား ဆေးရုံရောက်ပြီးနောက်ပိုင်းအခြေအနေနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်စဥ်များကို ထပ်မံအသိပေးလာခြင်း မရှိသေးပေ။
