၂၂.၁၀.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့အစီအစဉ်ကို ခေတ္တဆိုင်းငံ့ခဲ့ပြီးနောက် သူ့အနေနဲ့ အစည်းအဝေးကို အကျိုးမရှိ အလဟဿမဖြစ်စေလိုဘူးလို့ အောက်တိုဘာလ ၂၁ ရက်က ပြောခဲ့ပါတယ်။
လက်ရှိ ရှေ့တန်းတစ်လျှောက် တိုက်ပွဲတွေ ရပ်ပေးဖို့ ရုရှားအစိုးရက ငြင်းဆန်နေတာက အဓိက အတားအဆီးတစ်ခုအဖြစ်ရှိနေတယ်လို့ အမေရိကန်သမ္မတက အိမ်ဖြူတော်မှာ အောက်တိုဘာလ ၂၁ ရက်က မိန့်ခွန်းပြောခဲ့တာပါ။
ထရမ့်ပ်က သူနဲ့ ပူတင်တို့ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့ မှာ နှစ်ပတ်အတွင်းတွေ့ဆုံကြမယ်လို့ အောက်တိုဘာလ ၁၆ ရက်မှာပြောခဲ့တာပါ။ ဒါပေမယ့်ထရမ့်ပ်က သူတို့နှစ်ဦးအနေနဲ့ အစည်းအဝေးကို ခေတ္တ ရွှေ့ဆိုင်းထားမယ်လို့ အောက်တိုဘာလ ၂၁ ရက်မှာပြောခဲ့ပြီးတဲ့နောက် အိမ်ဖြူတော်အရာရှိတစ်ဦးက လတ်တလောအနာဂတ်ကာလမှာတော့ သမ္မတနှစ်ဦး တွေ့ဆုံဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။
ငြိမ်းချမ်းရေးအတွက် အမေရိကန်နဲ့ ရုရှားတို့ရဲ့ အဆိုပြုချက်တွေအကြား အဓိကကွဲလွဲမှုတွေက ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ အခွင့်အလမ်းတွေကို ဖြတ်တောက်ထားပုံရပါတယ်။ ထရမ့်ပ်နဲ့ ပူတင်တို့ဟာ အလက်စကာပြည်နယ်မှာ ဩဂုတ်လက နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး တိကျခိုင်မာတဲ့ရလဒ်တွေတော့ မရခဲ့ကြပါဘူး။
အခုလိုသူတို့နှစ်ဦးရဲ့ ဒုတိယမြောက်အစည်းအဝေးအတွက် အစီအစဉ်တွေကို ဆိုင်းငံ့ထားဖို့ အိမ်ဖြူတော်ရဲ့ ဆုံးဖြတ်ချက်ကလည်း ပထမအကြိမ်တုန်းကလို အလားတူဖြစ်ရပ်မျိုးကို ရှောင်ရှားဖို့ ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်ပါတယ်။
ဥရောပခေါင်းဆောင်တွေနဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့က ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲတိုင်းဟာ လက်ရှိ ရှေ့တန်းစစ်မျက်နှာမှာ အပစ်အခတ်ရပ်စဲမှုနဲ့သာ စတင်သင့်တယ်လို့ အောက်တိုဘာလ ၂၁ ရက်က ကြေညာခဲ့ကြပါတယ်။ သူတို့က ရုရှားအနေနဲ့ ငြိမ်းချမ်းရေးအတွက် အလေးအနက်မထားဘူးလို့ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။
ဇယ်လန်စကီးက ရုရှားအစိုးရကို အာရုံစိုက်စေနိုင်သည့် တစ်ခုတည်းသော ခေါင်းစဉ်မှာ ယူကရိန်းသို့ တာဝေးပစ်လက်နက်တွေ ထောက်ပံ့ရေးပဲဖြစ်တယ်လို့ ဇယ်လန်စကီးက ပြောခဲ့ပါသေးတယ်။
ရုရှားနဲ့ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒွန်ဘတ်စ်လို့ လူသိများတဲ့ ဒွန်တက်စ်ခ်နဲ့ လူဟန့်စ်ခ် အရှေ့ပိုင်းဒေသတွေရဲ့ နယ်မြေအများအပြားကို စွန့်လွှတ်ဖို့ ထရမ့်ပ်က ဇယ်လန်စကီးကို တွန်းအားပေးခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဇယ်လန်စကီးက ယူကရိန်းဟာ သူပိုင်ဆိုင်တဲ့ ဒွန်ဘတ်စ်ဒေသရဲ့ အစိတ်အပိုင်းတွေကို မစွန့်လွှတ်နိုင်ဘူးလို့ အမြဲပြောခဲ့ပါတယ်။ သူက ဒွန်ဘတ်စ်ခ်ဒေသကို ရုရှားထံပေးလိုက်တာက နောက်ပိုင်းမှာ ရုရှားက နောက်ထပ်တိုက်ခိုက်မှုတွေအတွက် ဒီဧရိယာကို အခွင့်အလမ်းတစ်ခုအနေနဲ့ အသုံးပြုလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။
Ref- BBC
