၂၂.၁၀.၂၀၂၅
Written By Min Thet
ရဲတပ်ဖွဲ့က စစ်ဆေးရန် တားဆီးစဉ် တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့်ကား မောင်းပြေးရာက ဓာတ်တိုင်ဝင်တိုက်ပြီး အားလုံးအဖမ်းခံရမှု ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် ညနေ ၆ နာရီခွဲခန့် အချိန်က ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့နယ်ရှိ အဝေးပြေးလမ်းမပေါ် မောင်းနှင်နေသည့် ကား (၁) စီးကို အမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
အဆိုပါ တရားမဝင် မြန်မာနိုင်ငံသားများတင်လာသော ကားသမားက အဖမ်းခံရမည်ကို ကြောက်လန့်က မောင်းပြေးရာ အဆိုပါနေရာမှ ကီလိုမီတာ ၃၀ ခန့်အရောက်တွင် လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိပြီး ကားစက်ရပ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအချိန်တွင် ထိုင်းရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့က ဖမ်းမိခြင်းဖြစ်ပြီး ကားပေါ်တွင် တရားမဝင် မြန်မာနိုင်ငံသား (၁၄) ဦး၊ လာအိုနိုင်ငံသူတစ်ဦးတို့ကိုဖမ်းမိခဲ့သော်လည်း ကားမောင်းသူမှာ ထွက်ပြေးသွားကြောင်း သိရသည်။
ကားပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ရန် လူတစ်ဦးလျင် ပွဲစားခ ဘတ် ၁၅၀၀၀ ကနေ ဘတ် ၂၅၀၀၀ အထိ ပေးဆောင်ခဲ့ရသူများ ဖြစ်ကြောင်း၊ ဘုရားသုံးဆူဘက်ကတစ်ဆင့် ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့နယ် အတွင်း ခိုးဝင်လာခဲ့သူများ ဖြစ်ကြောင်း သိရသည်။
၎င်းတို့မှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ဖြစ်ပြီး မည်သည့် အထောက်အထားမျှမပါရှိကြောင်းလည်း ဝန်ခံထွက်ဆိုထားကြကြောင်း ထိုင်းရဲတပ်ဖွဲ့ကို ကိုးကား၍ ဒေသတွင်းသတင်းများက ရေးသားကြသည်။
ယခုအခါ အဖမ်းဆီးခံရသူများအနေဖြင့် ကန်ချနဘူရီရဲစခန်းတွင် ထိန်းသိမ်းခံနေကြရကြောင်းနှင့် ထိုင်းနိုင်ငံ ဥပဒေအတိုင်း အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။






