၂၂. ၁၀. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း KNU အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များကို စာသင်ကြားပေးနေသည့် ကျောင်းဆရာမ၏ နေအိမ်ပေါ် ကျကာ အမျိုးသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး၊ ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ကိုးဦးတို့ ထိခိုက်ဒဏ်ရာရမှု ဘားအံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။



ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် ည ၁၀ နာရီတွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၆ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖားပေါင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်မိုးစန္ဒာထွန်း(၂၉)နှစ်သည် အဆိုပါကျေးရွာရှိ ၎င်း၏နေအိမ်၌ ဖားပေါင်ကျေးရွာနေ ကျောင်းသား၊ ကျောင်းသူများအား စာသင်ကြားပေးနေစဉ် နေအိမ်အနီးသို့ KNU အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်၌ ရှိနေကြသည့် ဖားပေါင်ကျေးရွာနေ ဦးတာတူး(၃၇)နှစ်နှင့် ကျောင်းသူ မနော်ဝါးဝါးဘဲ့(၁၂)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။



ထို့အပြင် ကျောင်းဆရာမ ဒေါ်မိုးစန္ဒာထွန်း၊ တစ်ရွာတည်းနေ မနော်မုကီး(၂၇)နှစ်၊ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် စောထွန်းထွန်းဝင်း(၁၀)နှစ်၊ မနော်လှလှအေး(၇)နှစ်၊ မနော်ချာပိ(၇)နှစ်၊ မနော်မုနော်အေး(၆)နှစ်၊ မနော်ဖဲဝါး(၁၃)နှစ်၊ မနော်ဒါးဘို(၁၂)နှစ်၊ မနော်သူဇာချစ်(၈)နှစ်၊ မစေးလေးဖော(၇)နှစ်နှင့် မစလင်း(၆)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
