၂၂. ၁၀. ၂၀၂၅
Written by Nyein Kyaw

အိပ်ချ်အိုင်ဗွီပိုးရှိလူနာများအား ကုသပေးလျက်ရှိသော အေအာတီဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရန် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ကျပ်သန်း ၆၀,၀၀၀ (ကျပ်ဘီလျံ ၆၀) ကို တိုးမြှင့်ထောက်ပံ့ပေးထားကြောင်း ကျန်မာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပေါမောက္ခဒေါက်တာအေးထွန်းက ယမန်နေ့က ပြုလုပ်သည့် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် လုပ်ငန်းများအား ဆန်းစစ်သုံးသပ်ခြင်းမှ တွေ့ရှိချက်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
အိပ်ချ်အိုင်ဗွီ ကပ်ရောဂါသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းလုံးတွင်ပါ ဖြစ်ပွားလျက်ရှိကြောင်း၊ ကူးစက်ဖြစ်ပွားမှုနှုန်းသည် နိုင်ငံတစ်ခုနှင့်တစ်ခု မတူညီကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းတွင် အိပ်ချ်အိုင်ဗွီကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း ဦးတည်အုပ်စုဝင်များတွင် Concentrated Epidemic အနေနှင့် ဆက်လက်ကူးစက်လျက်ရှိကြောင်း၊ အိပ်ချ်အိုင်ဗွီကူးစက်မှုနှင့် ကူးစက်ခံရသော ဦးတည်အုပ်စုများမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကွာခြားလျက်ရှိကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကို ဦးစားပေး ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ အိပ်ချ်အိုင်ဗွီပိုးရှိလူနာများအား ကုသပေးလျက်ရှိသော အေအာတီဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ငွေကျပ် သန်း ၃၃,၆၀၀ နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ငွေကျပ် သန်း ၆၀,၀၀၀ ကို တိုးမြှင့် ထောက်ပံ့ပေးထားကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
ယခုဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ဖြစ်ပွားမှုအခြေအနေနှင့် အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများအား ဆန်းစစ်သုံးသပ်ခြင်းမှ တွေ့ရှိချက်များနှင့် အကြံပြုချက်များသည် ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၇-၂၀၃၀) ရေးဆွဲရာတွင် အထောက်အကူပြုမည် ဖြစ်ပါကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
